အာဆင်နယ်အသင်းမှာ တစ်ပတ်ကို လုပ်ခလစာ ပေါင်(၃)သိန်းခွဲအထိ ရရှိလို့နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့လစာအများဆုံးကစားသမားတွေစာရင်းမှာ ထိပ်ဆုံးနေရာလောက်က ရှိလို့နေတဲ့ ကွင်းလယ်ကစားသမားအိုဇေးဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ နည်းပါးနေတာကို စိတ်ပျက်လျက်ရှိနေတဲ့အတွက် ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး အိုဇေးကို ဆော်ဒီအာရေဗျကလပ် အယ်နာဆာအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကာ မက်မောလောက်စရာ လုပ်ခလစာတစ်ခုနဲ့ပင် ကမ်းလှမ်းခဲ့သေးတယ်လို့ သိရှိရပါတယ်။

Photo Credit : Just Arsenal

အသက်(၃၁)နှစ်အရွှယ်ရှိ ဂျာမန်ကွင်းလယ်ဖန်တီးရှင် ကစားသမားဖြစ်သူ အိုဇေးဟာ ကိုဗစ်အလွန် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ကစားကတည်းကနေ အာဆင်နယ်အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားရခြင်းမရှိသေးသလို အာဆင်နယ်ဘက်ကနေလည်း အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ အိုဇေးကို သက်တမ်းမကုန်ဆုံးခင်မှာပဲ စာချုပ်ဖျက်သိမ်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် အိုဇေးကတော့ ငြင်းဆန်ထားခဲ့ပါတယ်။ အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ အိုဇေးကိုလည်း တူရကီကလပ်များဖြစ်တဲ့ ဂါလာတာစာရေး ဖီနာဘာချီတို့ကနေ ခေါ်ယူချင်နေပြီး ဆော်ဒီကလပ် အယ်နာဆာကလည်း အိုဇေးကို ခေါ်ယူချင်နေပါတယ်။

Photo Credit : Sky Sports

ငွေကြေးပိုင်း ကြွယ်ဝလှတဲ့ အရှေ့အလယ်ပိုင်းကလပ် အယ်နာဆာဟာ အိုဇေးအတွက် တစ်နှစ်လုပ်ခ ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းထားတာဖြစ်ပြီး တချို့သတင်းအရင်းအမြစ်တွေမှာလည်း အကြိုသဘောတူညီမှုပါ ရရှိထားခဲ့တယ်လို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းကတော့ အသင်းမှာ လစာအမြင့်ဆုံးပေးနေရပြီး အသင်းအတွက် အကျိုးပြုမှု သိပ်မရှိလှတဲ့ အိုဇေးကို အသင်းကနေ ရောင်းထုတ်သွားချင်နေကာ တကယ်လို့ ပြောင်းရွှေ့ကြေးမရခဲ့ရင်လည်း အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ လမ်းခွဲချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်နှစ်လုပ်ခ ပေါင်(၁၅)သန်းလောက်အထိနဲ့ ကမ်းလှမ်းခဲ့တာတောင် အိုဇေးက အာဆင်နယ်ကနေ ထွက်ခွာဖွယ်မရှိပဲ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန် ၂၀၂၁ခုနှစ်အထိ အသင်းမှာပဲ ဆက်လက်ရှိနေနိုင်ပါတယ်။ အိုဇေးဟာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အသင်းဘက်ကနေ ဘဏ္ဍာရေးကျပ်တည်းနေချိန်မှာ လစာလျှော့ယူဖို့အတွက် အာဆင်နယ်ဘက်က တောင်းဆိုခဲ့ပေမယ့်လည်း ငြင်းဆန်ပယ်ချခဲ့လို့ ဝေဖန်မှုအများအပြားနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။