MySport Myanmar

ပေါင်၅၀သန်းတန် တိုက်စစ်မှူး ဂျီးဆပ်ကို ခေါ်နိုင်ဖို့ ရေပန်းစားနေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က မန်ချက်စတာ စီးတီးကနေ ထွက်ခွာခွင့် ရထားတဲ့ ပေါင်၅၀သန်းတန် ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ နီးစပ်ခဲ့ပေမယ် တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ အာဆင်နယ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ထိပ်တန်း တိုက်စစ်မှူး တဦးနဲ့ အရန် တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

အာဆင်နယ်က အူဘာမီယန်းနဲ့ လာကာဇက်တို့ မရှိတော့တဲ့နောက် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် နောက်ထပ် အနည်းဆုံး ၄နှစ် အားကိုးရမယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး မန်ချက်စတာ စီးတီးနဲ့ ဘရာဇီးလ်ရဲ့ အဓိက တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပါ။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးကနေ ထွက်ခွာခွင့် ရထားပြီး မန်ချက်စတာ စီးတီးက သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း အလိုရှိနေပါတယ်။

Photo Credit: Team Talk

လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ အာဆင်နယ်နဲ့ စပါးတို့ အားလုံးက ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး အာဆင်နယ်ကတော့ ဂျီးဆပ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေသလို အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ အီဒူးကလည်း ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်ကုမ္ပဏီ ဖြစ်တဲ့ Energy Sports အေဂျင်စီနဲ့ ဆက်သွယ်မှုတွေလည်း ပြုလုပ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေသလို ဂျီးဆပ်ကလည်း ချယ်လ်ဆီးနဲ့ စပါးထက် ဘရာဇီးလ်သားတွေ ပိုမို များပြားတဲ့ အာဆင်နယ်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

Exit mobile version