ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အက်စ်တွန်ဗီလာ အသင်းတို့ရဲ့ ပွဲစဉ်မှာ ဗီလာအသင်းဟာ အဝေးကွင်းမှာ အာဆင်နယ်အသင်းကို ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိပြီး အမှတ်ပေးဇယားရဲ့ အဆင့်၆ နေရာအထိ တက်လှမ်းနိုင်ခဲ့ကာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ် အသင်း ကတော့ အဆင့် ၁၁ နေရာ အထိ ကျဆင်း သွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ရလဒ်ပိုင်းမှာတင် မကပဲ ကစားကွက်ပိုင်းမှာပါ ဗီလာအသင်းထက် နိမ့်ကျခဲ့ပြီး ဗီလာအသင်းရဲ့ ပွဲချိန်ပြည့် မာကျောတဲ့ ကစားဟန်ကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိသလို တိုက်စစ်ပိုင်းက တစ်ဖက်အသင်းရဲ့ ခံစစ်ကို ခြိမ်းခြောက်နိုင်စွမ်း နည်းပါးခဲ့ကာ ခံစစ်ပိုင်းမှာလည်း အမှားအယွင်းတွေ များပြားခဲ့ပါတယ်။

Photo Credit: Sportbible

အဆိုပါပွဲစဉ် အပြီးမှာတော့ ဒေါသထွက်နေတဲ့ အာဆင်နယ် အသင်းရဲ့ ပရိသတ်တွေဟာ နည်းပြ အာတီတာကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး အာဆင်နယ်အသင်း ကနေ ညတွင်းချင်း ထွက်ခွာသွားဖို့ ပြောဆိုခဲ့ကြသလို အသင်းကိုလည်း စပါးအသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနိုနဲ့ ဂျူဗင်တပ် အသင်းရဲ့ နည်းပြဟောင်း အယ်လီဂရီတို့ နှစ်ဦးထဲက တစ်ဦးကို ခန့်အပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကတော့ ဗီလာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ရှုံးပွဲဟာ သူနဲ့ သက်ဆိုင်ကြောင်း ပြောကြားခဲ့သလို ဗီလာအသင်းနဲ့ ပွဲစဉ်ကလို စုတ်ပြတ်နေတဲ့ အသင်းရဲ့ ခြေစွမ်းကို သူ့အနေနဲ့ တစ်ခါမှ မြင်တွေ့ဖူးခြင်း မရှိဘူးလို့ ဝန်ခံစကား ဆိုသွားခဲ့ပါတယ်။

Photo Credit: Sportbible

ဗီလာရှုံးပွဲကြောင့် အာတီတာကို ဒေါသထွက်နေကြတဲ့ အာဆင်နယ် ပရိသတ်တွေထဲက အမာခံ ပရိသတ် တစ်ဦးဟာ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BBCရဲ့ တိုက်ရိုက် သတင်းထုတ်လွှင့်မှု အစီအစဉ်ထံ ဖုန်းခေါ်ဆိုကာ သူ့ရဲ့ ခံစားချက်တွေကို အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အမာခံ ပရိသတ် တစ်ဦးက “အာတီတာက ဒီညမှာပဲ အသင်းကနေ ထွက်ခွာ သွားသင့်ပါပြီ။ အသင်းဘက်ကလည်း နိုင်ငံတကာ ပွဲစဉ်တွေ ကစားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကို အသုံးချပြီး အယ်လီဂရီ ဒါမှမဟုတ် ပိုချက်တီနို ကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ပါပြီ။ ကျွန်တော် သည်းခံနိုင်စွမ်း မရှိတော့ပါဘူး။ အခုလို ဖုန်းပြောနေတဲ့ အချိန်မှာ ကျွန်တော်က အာဆင်နယ် ပရိသတ်တွေနဲ့လည်း ဒီအကြောင်းကို ပြောပြီးပါပြီ။ ကျွန်တော်ကတော့ အာတီတာကို အသင်းရဲ့ နည်းပြချုပ်နေရာမှာ မြင်ရတာကို သဘောမကျပါဘူး။ မန်စီးတီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ နည်းပြလုပ်တာနဲ့ အာဆင်နယ်အသင်းကို နည်းပြလုပ်တာက ကွာခြားပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။