MySport Myanmar

ချယ်လ်ဆီး legend ကြီး လမ်းပတ်ရဲ့ စံချိန်ကို ရိုက်ချိုးခဲ့တဲ့ ကပ္ပတိန် အိုဒီဂတ်

အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကတော့ မနေ့ညက နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီးနောက် ယခင်က ချယ်လ်ဆီး ဂန္တဝင် ကစားသမားဟောင်းကြီး ဖရန့်လမ်းပတ်ရဲ့ စံချိန်ကောင်းတစ်ခုကိုပါ ရိုက်ချိုးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

နော်ဝေ လက်ရွေးစင် ကွင်းလယ်ကစားသမား အိုဒီဂတ်ဟာ ဒီ ဧပြီလထဲမှာ အာဆင်နယ်အသင်းအတွက် အတော်လေး ခြေစွမ်းပြသလျက် ရှိနေပြီး ဝက်စ်ဟမ်း ဆောက်သမ်တန်တို့နဲ့ သရေခဲ့တဲ့ ပွဲမှာ တစ်ဂိုးစီ သွင်းယူနိုင်ခဲ့သလို ချယ်လ်ဆီးကို (၃)ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာလည်း သူ တစ်ဦးတည်း (၂)ဂိုး သွင်းယူခဲ့ပါတယ်။ အခုလည်း စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း အိုဒီဂတ်က အသင်းအတွက် ဦးဆောင်ဂိုးအဖြစ် သွင်းယူပေးခဲ့ရင်း ဒီလထဲမှာ သူရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စုစုပေါင်းက (၅)ဂိုးအထိ ရှိလာခဲ့ရပါတယ်။

Photo Credit : Twitter

ဒီနှစ် ဘောလုံးရာသီ အာဆင်နယ်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေတဲ့ ကစားသမားတွေထဲမှာ အသင်းခေါင်းဆောင် အိုဒီဂတ်လည်း အပါအဝင်ဖြစ်ပြီး အိုဒီဂတ်က ဘရန့်ဖို့ဒ် နဲ့ အာဆင်နယ်ပွဲ တစ်ပွဲတည်းကလွဲပြီး ပွဲတိုင်း ပါဝင်ကစားခဲ့ရင်း (၃၄)ပွဲမှာ (၁၅)ဂိုး သွင်း (၈)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ သူ သွင်းယူခဲ့တဲ့ (၁၅)ဂိုးထဲကမှ (၁၃)ဂိုးဟာ open play ကနေ သွင်းယူနိုင်ခဲ့တာဖြစ်လို့ လွန်ခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီတုန်းက ချယ်လ်ဆီး ကွင်းလယ် ကစားသမားဟောင်းကြီး လမ်းပတ် open play ကနေ သွင်းယူခဲ့တဲ့ (၁၂)ဂိုး ပမာဏထက် ကျော်လွန်သွားခဲ့ရပါတယ်။

Photo Credit : Twitter

အခုဆိုရင် အာဆင်နယ်အသင်းက (၄)ပွဲဆက်တိုက်ထိ နိုင်ပွဲပျောက်ဆုံးထားပြီးချိန်မှာ ချယ်လ်ဆီး နယူးကာဆယ်တို့ကို ပြန်အနိုင်ယူခဲ့ရင်းနဲ့ ဇယားထိပ်က မန်စီးတီးအသင်းကိုပါ ဆက်လက် ဖိအားပေးထားနိုင်ပါတယ်။ လက်ရှိမှာ စီးတီးက လက်ကျန် (၄)ပွဲ ကစားဖို့ ရှိနေပြီး အာဆင်နယ်က လက်ကျန် (၃)ပွဲ ကစားဖို့ ရှိနေချိန် နှစ်သင်းကြားမှာက တစ်မှတ်သာ ကွာဟနေရလို့ ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေရပါတယ်။

Exit mobile version