အာဆင်နယ် အသင်း အနေနဲ့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာ ဘန်လေ အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံကစားခဲ့ရပေမယ့်လည်း ၀-၁ ဂိုး နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ အာဆင်နယ် အသင်း အနေနဲ့ ဂိုးပေါက်ကန်သွင်းမှု အပိုင်းမှာရော၊ ဂိုးပေါက်တည့်မတ်မှု အပိုင်းမှာပါ အသာစီး ရယူနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်မှူး အူဘာမီယန်ရဲ့ og ကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ ရှုံးပွဲကြောင့် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း လေးပွဲဆက် ရှုံးပွဲကြုံတွေ့ထားရပြီ ဖြစ်ပြီးတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာအထိ ရောက်ရှိသွားခဲ့ရပါတယ်။ ထိုကဲ့သို့ ရှုံးပွဲကြုံတွေ့ အပြီးမှာတော့ အာဆင်နယ် အသင်း ပရိသတ်တွေ အနေနဲ့ တွစ်တာ မှာ အာတီတာကို နည်းပြရာထူးကနေ ထုတ်ပယ်ပေးဖို့ အမျိုးမျိုး တောင်းဆိုလာကြပါတယ်။

Photo Credit: Mirror

အသင်းပရိသတ်တွေ အနေနဲ့ အာတီတာ ကို ရာထူးကနေ ထုတ်‌ပယ်ပေးဖို့ တောင်းဆိုခဲ့ကြသလို အနီကတ် ပြသ ခံခဲ့ရတဲ့ ဇာခါ အပေါ်ကိုလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ တစ်ချို့ ပရိသတ်တွေဆိုရင် အာဆင်နယ် အသင်းရဲ့ ဒီရာသီ စတင်ပုံဟာ နှစ် ၅၀ အတွင်းမှာ အဆိုးဝါးဆုံး စတင်မှု တစ်ခုလို့တောင် ညွှန်းဆိုထားကြပြီးတော့ ရာသီမကုန်ခင် အာတီတာကို ထုတ်ပယ်ပြီး နည်းပြ အာဆင်ဝင်းဂါး ပြန်လာပေးဖို့ တောင်းဆိုမှုတွေတောင် ရှိနေပါတယ်။ နည်းပြ အာတီတာ ကတော့ သူတို့ရဲ့ ဆိုးဝါးနေတဲ့ စွမ်းဆောင်ရည်တွေ အပေါ်မှာ အခုလိုပဲ ပြန်လည် ဖြေရှင်းထားပါတယ်။ “ အသင်းရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းနေတယ်ဆိုတာ လုံးဝ မှန်ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်လောက်က ဖြစ်ခဲ့တဲ့ အရာတွေ အတွက် ကျွန်တော်တို့ အခုချိန်မှာ ဘာမှ လုပ်လို့ မရနိုင်သေးပါဘူး ”

Photo Credit: Mirror

“ အိမ်ကွင်း ပွဲစဉ်က အနိုင်ရရှိဖို့ အတွက် အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အဲ့ဒီလို ရလဒ်ဆိုးတွေ ထွက်ပေါ်နေတာကိုလည်း ချက်ချင်း ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ဒါကြောင့်မို့ ကျွန်တော်တို့ အနေနဲ့ ဒီရာသီမှာ အရေးကြီးတာ တစ်ခုခု လုပ်ပြနိုင်ဖို့ မျှော်လင့်ချက်ဆိုရင် အဲ့ဒါက အိမ်ကွင်းမှာ ကစားပွဲတွေကို အနိုင်ရရှိအောင် ကစားဖို့ပါပဲ။ နည်းပြ ဆိုတာ ဇာတ်ကောင် သက်သက်ပဲ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် အဆုံးသတ်မှာ ခင်ဗျား အနေနဲ့ ကစားပွဲတွေကို အနိုင်ရရှိဖို့ လိုအပ်မယ်။ ခင်ဗျား အနေနဲ့ ကွင်းဘေးဘက်ခြမ်းမှာ နေပြီး ဆုံးဖြတ်ချက်တွေ အများကြီး ချရတယ်။ အဲ့ဒီအတွက် လူတိုင်းက ကူညီရပါမယ်။ ဒါကြောင့်မို့ ကျွန်တော် ဘယ်လောက် အနိုင်ရချင်လဲဆိုတာအပေါ်တင်ပဲ မမူတည်ပါဘူး။ ဘာလို့လဲဆိုရင် ခင်ဗျား ရင်ဆိုင်ရတဲ့ ပြိုင်ဘက်အသင်းတိုင်းက ခင်ဗျား ရဲ့ ခွန်အားတွေ ကို လျှော့ချပစ်ပြီး အားနည်းချက်တွေ ပိုများ‌လာအောင် လုပ်မယ့် ပြိုင်ဘက်အသင်းမျိုးတွေမို့လို့ပါဘဲ ” လို့ ပြောဆိုခဲ့ပါတယ်။