ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ တခုထဲမှာတင် ပေါင် ၁၀၇သန်း အထိ အရှုံးပေါ်ခဲ့ကြောင်း အာဆင်နယ်ရဲ့ ဘဏ္ဍာရေးရာ တာဝန်ရှိသူ တဦးက ယနေ့မနက်ပိုင်းမှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းတွေအနက် ငွေကြေးကို အတတ်နိုင်ဆုံး ချွေတာ သုံးစွဲလေ့ရှိတဲ့ အသင်းတသင်း အဖြစ် နာမည်ကြီးပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ဘောလုံးပွဲတွေကို ပရိသတ်မပါပဲ ယှဉ်ပြိုင် ကစားခဲ့ရာ ကနေ ဝင်ငွေတွေ လျော့ခဲ့ရပါတယ်။

Photo Credit: Sky Sports

အထူးသဖြင့် ဥရောပပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ အချက်နဲ့ ကွင်းဝင်ကြေး မရခဲ့တဲ့ အချက်တွေက အာဆင်နယ်ရဲ့ ဘဏ္ဍာရေးကို ထိခိုက်စေခဲ့တဲ့ အဓိက အချက်တွေ ဖြစ်ကြပြီး ဘဏ္ဍာရေး စစ်တမ်းတွေအရ အာဆင်နယ်ဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ကွင်းဝင်ကြေး ပေါင် ၇၅သန်း ရရှိနိုင်တဲ့ အနေအထား ကနေ ကွင်းဝင်ကြေး ပေါင် ၃.၈သန်းသာ ရရှိခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ပေါင် ၁၀၀သန်းကျော် အရှုံးပေါ်ခဲ့တာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာတော့ အာဆင်နယ်အနေနဲ့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် ရရှိဖို့ နီးစပ်နေသလို ကွင်းဝင်ကြေးတွေလည်း ရရှိနေတာကြောင့် ဘဏ္ဍာရေးအပိုင်းမှာ အမြတ်ထွက်မှုတွေ ရှိလာနိုင်ပါတယ်။

Photo Credit: Sky Sports

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အရှုံးပေါ်ခဲ့တဲ့ အကြောင်းကို အာဆင်နယ်က – “ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့က ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် အတော်လေး အထိနာသွားခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ တခုလုံးကို ကွင်းပိတ်ပြီး ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အချက်က ကျွန်တော်တို့ရဲ့ ဝင်ငွေကို လျော့နည်းသွားစေခဲ့ပါတယ်” လို့ ထုတ်ပြန် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။