အသက်လက်မက်ဒရစ်အသင်းရဲ့ ဂါနာကွင်းလယ်ကစားသမား သောမတ်စ်ပါတေးကို ခေါ်ယူနိုင်ဖို့အတွက် အသည်းအသန်ကြိုးစားနေတဲ့ အာဆင်နယ်အသင်းဟာ ကစားသမားအတွက် သတ်မှတ်ထားတဲ့တန်ကြေးကို ပေးချေဖို့ အခက်အခဲရှိနေတာကြောင့် ပါတေးကို ခေါ်ယူဖို့ လက်လျော့ရဖွယ် ရှိလာနိုင်လို့ ပါတေးအစား ရိုးမားအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ ကွင်းလယ်ကစားသမား အန်မာဒူဒီအာဝါရာကိုပဲ ပြောင်းလဲပစ်မှတ်ထားလာဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Chiesa De Totti

အသက်(၂၇)နှစ်အရွှယ်ရှိ ဂါနာလက်ရွေးစင် ကွင်းလယ်လူပါတေးကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်ဘက်ကနေ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း သူရဲ့စာချုပ်လျော်ကြေးပမာဏအထိ မပေးချေနိုင်ခဲ့သလို အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ဂွမ်ဒူဇီနဲ့ အလိုက်ပေးကမ်းလှမ်းရာမှာလည်း ပြောင်းရွှေ့ကြေးအနည်းငယ်သာ ပါဝင်လာခဲ့လို့ အသက်လက်တီကိုဘက်ကနေ ပယ်ချထားခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေတာကြောင့် အာဆင်နယ်အသင်းဟာ ပါတေးအစား စီးရီးအေမှာ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ရိုးမားကွင်းလယ်လူ ဒီအာဝါရာကိုပဲ ပြောင်းလဲကမ်းလှမ်းလာဖွယ် ရှိနေတယ်လို့ ASRomaLive ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Forza Italian Football

အသက်(၂၃)နှစ်အရွှယ်ရှိ ဒီအာဝါရာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းကမှ နာပိုလီအသင်းကနေ ရိုးမားအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီအတွင်းမှာ ဒူးဒဏ်ရာကြောင့် အနည်းငယ်လေး ရုန်းကန်ခဲ့ရပေမယ့် ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာတော့ ရိုးမားအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသထားနိုင်ခဲ့သူဖြစ်ပါတယ်။ အသက်အရွှယ်အားဖြင့် ငယ်ရွှယ်သေးသူဖြစ်ပြီး အရပ်အမောင်းကောင်းလှသူဖြစ်တဲ့ ဒီအာဝါရာဟာ ဘောလုံးပြန်လည်ရယူတဲ့နေရာမှာ ထူးချွန်သူဖြစ်သလို ဘောလုံးပေးပို့မှုနဲ့ အလိမ်အခေါက်ပါ ကောင်းမွန်လှသူလည်းဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်နေရာမှာ အဓိကထားကစားတတ်တဲ့ ဒီအာဝါရာဟာ ကွင်းလယ်တန်းမှာလည်း ကစားတတ်သူဖြစ်ပြီး နည်းပြအာတီတာ စိတ်တိုင်းကျနိုင်လောက်မယ့် ကစားသမားမျိုးလည်းဖြစ်ပါတယ်။ ဒီရာသီမှာ ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံပွဲ(၃၀)အထိ ပါဝင်ကစားထားခဲ့တဲ့ ဒီအာဝါရာကို ရိုးမားအသင်းဘက်က ရောင်းချသွားဖို့ စိတ်ကူးမရှိတာကြောင့် အာဆင်နယ်အနေနဲ့ သေချာကြိုးစားရဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)လောက် ရရှိမယ်ဆိုရင်တော့ ရောင်းချဖွယ်ရှိလာနိုင်ပါတယ်။