ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ အီတလီ စီးရီးအေ နာမည်ကြီးကလပ် ဖီအိုရင်တီးနားရဲ့ အဓိက တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားရာမှာ အဆင်မပြေမှုတွေနဲ့ ကြုံနေရတာကြောင့် စပိန်လာလီဂါကလပ် ရီးရဲလ် ဆိုစီဒက်ရဲ့ တိုက်စစ်မှူး အိုင်ဆက်ကို ခေါ်ယူဖို့ စတင် မျက်စိကျလာကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ စတင်ချိန်ကတည်းက ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အချိန်အတော်ကြာ ကြိုးပမ်းခဲ့ပေမယ့် ဗလာဟိုဗစ်က ဥရောပဝင်ခွင့် ရဖို့ မရေရာတဲ့ အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ထက် ဂျူဗင်တပ်ထံ ပြောင်းရွှေ့ဖို့သာ ပိုမို စိတ်ဝင်စားနေပါတယ်။
Photo Credit: Express
ဒါကြောင့်ပဲ အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ထက် ဆိုစီဒက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေနိုင်တဲ့ ဆွီဒင်လက်ရွေးစင် လူငယ်တိုက်စစ်မှူး အလက်ဇန်းဒါး အိုင်ဆက်ကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထားလာတာပဲ ဖြစ်ပါတယ်။
အသက် ၂၂နှစ် အရွယ် ဆွီဒင်တိုက်စစ်မှူး အိုင်ဆက်ဟာ ဆိုစီဒက်ရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်သူပါ။
Photo Credit: Express
အာဆင်နယ်ဟာ အိုင်ဆက်ကို ခေါ်ယူဖို့ မျက်စိကျနေပေမယ့် အိုင်ဆက်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၉၀သန်း အထိ ရှိနေတာကြောင့် အာဆင်နယ်အနေနဲ့ အိုင်ဆက်ကို ခေါ်ယူရာမှာ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ၆၀သန်းကြား သုံးစွဲရနိုင်ပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား အိုဒီဂတ်နဲ့ အတွဲညီခဲ့ဖူးတဲ့ အိုင်ဆက်ကို ခေါ်ယူဖို့ လျင်လျင်မြန်မြန်ပဲ ကြိုးပမ်းလာပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း အိုင်ဆက်ရဲ့ ခြေစွမ်းကို သဘောကျနေကြောင်း သိရှိထားရပါတယ်။