အာဆင်နယ်အသင်းကတော့ စီးရီးအေချန်ပီယံ ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူချင်နေတဲ့ သူတို့အသင်းရဲ့တိုက်စစ်ကစားသမား အလက်ဆန်းဒါးလာကာဇက်ကို အသင်းကနေ လက်လွတ်သွားဖို့ အသင့်ဖြစ်နေသလို ဂျုဗင်တပ်စ်အသင်းရဲ့တာဝန်ရှိသူတွေကလည်း လန်ဒန်မြို့ကို ရောက်ရှိနေကာ လာကာဇက်ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်နိုင်အောင် လုပ်ဆောင်နေရာ အာဆင်နယ်ဘက်က လာကာဇက်အတွက် ဂျုဗင်တပ်စ်တောင်ပံကစားသမား ဘာနာဒက်စကီးနဲ့ လဲလှယ်သွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြသစ်ပီယာလိုကတော့ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေများစွာ လုပ်ဆောင်သွားဖို့ ပြင်ဆင်လျက်ရှိနေပြီး အသင်းရဲ့တိုက်စစ်ပိုင်းအတွက်ကိုလည်း ရာအူးဂျီမီနက်ဇ် ဂျက်ကို ဇာပါတာ မိုရာတာ လာကာဇက် မီလစ်အစရှိတဲ့ တိုက်စစ်မှူးတွေကို ပစ်မှတ်ထားလျက်ရှိကာ ဝုလ်ဗ်အသင်းရဲ့မက္ကဆီကိုတိုက်စစ်ကစားသမား ရာအူးဂျီမီနက်ဇ်ကို Main Target အဖြစ် သတ်မှတ်လို့ထားပါတယ်။ ဒါပေမယ့် ဂျီမီနက်ဇ်ရဲ့ပြောင်းရွှေ့ကြေးက အနည်းဆုံး ပေါင်သန်း(၆၀)လောက်အထိ ရှိနေတာဖြစ်လို့ ဂျီမီနက်ဇ်ထက် စျေးသက်သာနိုင်မယ့် လာကာဇက်ကိုပဲ ခေါ်ယူသွားဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

လက်ရှိမှာ ဘောလုံးကလပ်အသင်းတိုင်းက ကိုဗစ်ကြောင့် ဝင်ငွေတွေ အလွန်နည်းပါးလွန်းနေပြီး နွေစျေးကွက်အတွင်းမှာလည်း အသုံးစရိတ်တွေ အရမ်းမသုံးစွဲနိုင်တာကြောင့် ကစားသမားသစ် ခေါ်ယူတဲ့အခါမှာ ပြောင်းရွှေ့ကြေးကို အနည်းငယ်လောက်သာ သုံးစွဲပြီး အသင်းကနေ ရောင်းထုတ်ဖွယ်ရှိတဲ့ ကစားသမားတွေနဲ့ အလိုက်ပေးပြီး ကမ်းလှမ်းတာမျိုးကို လုပ်ဆောင်သွားဖို့ စဉ်းစားလာခဲ့ကြပါတယ်။ ဂျုဗင်တပ်စ်အသင်းကလည်း လာကာဇက်ကို ခေါ်ယူရမှာ ပြောင်းရွှေ့ကြေးကို အလုံးအရင်းနဲ့ သုံးစွဲတာထက် အသင်းက ကစားသမားတွေကို အလိုက်ပေးဖို့ စီစဉ်နေတာကြောင့် အာဆင်နယ်ဘက်ကလည်း သူတို့ကစားသမားအတွက် ဂျုဗင်တပ်စ်တောင်ပံကစားသမား ဘာနာဒက်စကီးကို ပြန်လည်အလိုရှိနေပြီး ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ဘာနာဒက်စကီးကို လဲလှယ်မလား ဒါမှမဟုတ် လာကာဇက်နဲ့ ဘာနာဒက်စကီးတို့ကို တိုက်ရိုက်လဲလှယ်မလားဆိုတာကိုပဲ ဆက်လက်ဆွေးနွေးရဖွယ် ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ အခုနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားတစ်ယောက်တည်းကိုပဲ ခေါ်ယူထားခဲ့ရပြီး ဒီကစားသမားကတော့ ချယ်လ်ဆီးအသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ဝီလီယံဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။