အာဆင်နယ်အသင်းဟာ လာမယ့်စျေးကွက်ဖွင့်ချိန်အတွင်းမှာ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့က တစ်ဦးဦးကို စွန့်လွတ်ရဖွယ်ရှိနေတာကြောင့် သူတို့ရဲ့နေရာမှာ ပြန်လည်အစားထိုးနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဟောင်း တိုက်စစ်မှူးဟောင်းဖြစ်ခဲ့ဖူးတဲ့ မန်ဖစ်ဒီပိုင်းကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : AS English

နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းက ၂၀၁၅ခုနှစ်မှာ PSV အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ဂန္တဝင်ကျောနံပါတ်ဖြစ်တဲ့ ရကိုပါ ဝတ်ဆင်ခွင့်ရခဲ့ပေမယ့် ဒီပိုင်းကတော့ ယူနိုက်တက်မှာ လုံးဝအထိုင်မကျခဲ့တာကြောင့် (၂)ရာသီအကြာမှာ လိုင်ယွန်အသင်းဆီကို ရောင်းချခံခဲ့ရပါတယ်။ လိုင်ယွန်မှာတော့ ဒီပိုင်းက သူရဲ့ခြေစွမ်းအမှန်တွေကို ပြသလာနိုင်ခဲ့လို့ ကလပ်အသင်းတချို့ရဲ့စိတ်ဝင်စားမှုကို ပြန်လည်ပိုင်ဆိုင်ခဲ့ရပြီး အခုလည်း သူ့ကို အာဆင်နယ်အသင်းကနေ ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားနေပါတယ်။

Photo Credit : Goal

ဒီပိုင်းဟာ လိုင်ယွန်အသင်းမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး ဒီရာသီမှာလည်း ပြိုင်ပွဲစုံ(၁၈)ပွဲကစားအပြီး (၁၄)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပေမယ့် သူနဲ့ လိုင်ယွန်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ လာမယ့်နှစ်မှာ ကုန်ဆုံးတော့မှာဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း သက်တမ်းမတိုးလိုတော့တာကြောင့် ဒီစျေးကွက်အတွင်းမှာပဲ ရောင်းထုတ်ရဖွယ်ရှိနေပါတယ်။ ဒီလိုအခြေအနေတွေရှိနေတဲ့ ဒီပိုင်းကို အာဆင်နယ်အသင်းက စပါး အေစီမီလန် လာဇီယိုအသင်းတွေနဲ့အတူ စောင့်ကြည့်လျက်ရှိနေပြီး အသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေတဲ့ တိုက်စစ်မှူးအူဘာမီယန်းနဲ့ လာကာဇက်တို့နေရာမှာ အစားထိုးဖွယ်ရှိနေပါတယ်။ မနေ့က ကစားခဲ့တဲ့ နောရစ်ချ်နဲ့ပွဲမှာ သွင်းဂိုး(၂)ဂိုးရယူပြီး အာဆင်နယ်သမိုင်းတလျှောက် ဂိုး(၅၀)အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ လက်ရှိအချိန်ထိ အသင်းနဲ့ သက်တမ်းတိုးသေးခြင်းမရှိတာကြောင့် သူ့ကို ဘာစီလိုနာ ဂျုဗင်တပ်စ် အင်တာမီလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက ပစ်မှတ်ထားနေသလို လာကာဇက်မှာလည်း အသင်းနဲ့လမ်းခွဲဖို့ နီးစပ်လျက်ရှိနေပါတယ်။