ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာရဲ့ နေရာကို အစားထိုးမယ့် နည်းပြတွေ ကို စတင် ရှာဖွေမှုတွေ ပြုလုပ်နေပြီး နာပိုလီအသင်း ၊ ချယ်လ်ဆီးအသင်းနဲ့ ဂျူဗင်တပ် အသင်းတို့ကို နည်းပြခဲ့ဖူးတဲ့ အီတလီလူမျိုး နည်းပြဖြစ်သူ ဆာရီကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လက်ရှိမှာ အာဆင်နယ် အသင်းရဲ့ နည်းပြရာထူး ကို ရယူထားတဲ့ စပိန်လူမျိုး နည်းပြ အာတီတာဟာ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်သလို နာမည်ကြီး နည်းပြ တစ်ဦးဖြစ်တဲ့ ဂွာဒီယိုလာရဲ့ လက်အောက်မှာ လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက် ခဲ့ဖူးတာကြောင့် အာဆင်နယ် အသင်းနဲ့ သင့်တော်မယ့် နည်းပြ တစ်ဦးအဖြစ် ကနဦးမှာ အားလုံးက ယူဆခဲ့ကြပါတယ်။

Photo Credit: The Sun

အာတီတာကလည်း သူ့အပေါ်မှာ ထားတဲ့ မျှော်လင့်ချက်တွေဟာ မမှားယွင်းကြောင်းကို အသင်းအား ပထမဦးဆုံး ကိုင်တွယ်တဲ့ ဘောလုံးရာသီမှာပဲ အက်ဖ်အေဖလား ယူပြကာ သက်သေ ပြခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီ အစမှာလည်း အာတီတာဟာ အာဆင်နယ် အသင်းနဲ့အတူ ကွန်မြူနတီဒိုင်းကို အရယူ ပြခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ အတော်လေးကို ခြေစွမ်း တည်ငြိမ်မှု အားနည်းနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၁ပွဲနိုင် ၁ပွဲသရေ ၄ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ကာ အမြင့်ဆုံး ရရှိနိုင်တဲ့ ၁၈မှတ်မှာ ၄မှတ်သာ စုဆောင်း နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါ့ကြောင့်ပဲ အာဆင်နယ် အသင်းဟာ ပွဲစဉ် ၁၀ ပြီးဆုံးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄နေရာ အထိ ရောက်ရှိနေပြီး အဆင့် ၁နေရာက စပါးအသင်းနဲ့ ရမှတ် ၈မှတ်အထိ ကွာဟ နေခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ် အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ အာတီတာကို ယုံကြည်နေဆဲ ဖြစ်ပေမယ့် ဒီဇင်ဘာလထဲမှာ ကစားရမယ့် ပွဲစဉ်တွေမှာသာ ရလဒ်ကောင်း ရရှိခြင်း မရှိပါက အာတီတာကို နည်းပြရာထူး ကနေ ထုတ်ပယ် သွားဖွယ် ရှိကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားခဲ့ကြပါတယ်။ အာဆင်နယ် အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ် လို့ ရေပန်းစား နေတဲ့ ဆာရီဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ထိပ်တန်းနည်းပြ တစ်ဦးဖြစ်ပြီး အာဆင်နယ် အသင်း တည်ရှိရာ လန်ဒန်မြို့မှာ နေထိုင်ခဲ့ဖူးတဲ့ နည်းပြတစ်ဦး ဖြစ်တာကြောင့် အာဆင်နယ် အသင်းကသာ သူ့ကို ကမ်းလှမ်းမှု ပြုလုပ်ပါက ဆာရီဟာ လက်ခံ သွားဖွယ် ရှိကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။