ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းကနေ ရီးရဲလ်ဘက်တစ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဖယ်ကီအာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ သတင်းအကြောင်းအရာကို တင်ဆက်ပေးခဲ့တာ ညီအစ်ကိုတို့ မှတ်မိလောက်မယ်ထင်ပါတယ်။ ဖယ်ကီအာရဲ့ လက်ရှိကလပ် ဘက်တစ်ဆိုတာ အသင်းကောင်းတစ်သင်းဆိုပေမယ့် သူရဲ့ခြေစွမ်းနဲ့ဆို ဘက်တစ်ထက် အဆင့်ပိုမြင့်တဲ့ အသင်းတစ်သင်းမှာ ရှိနေသင့်တာဖြစ်ပြီး အခု သူ့ကိုခေါ်ယူဖို့ ရီးရဲလ်အသင်းအပြင် အာဆင်နယ်အသင်းကပါ စိတ်ဝင်စားလာခဲ့ပြန်ပါတယ်။

Photo Credit : Al Bawaba

အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီအစပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူထားခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်ယို့စ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် အဆင်မပြေနိုင်တော့တာကြောင့် အသက်(၂၆)နှစ်အရွှယ်ရှိ ပြင်သစ်ကွင်းလယ်ကစားသမား ဖယ်ကီအာကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ လိုင်ယွန်ကစားသမားဟောင်းဖြစ်တဲ့ ဖယ်ကီအာဟာ ၂၀၁၈ခုနှစ်တုန်းက လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့်လည်း အပြီးသတ်ခါနီးမှာ ဒူးဒဏ်ရာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရကာ ဘက်တစ်ကိုပဲ ရောက်ရှိလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Gunner Towns

အာဆင်နယ်က သူတို့အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ စီဘယ်ယို့စ်ကို အပြီးသတ်ခေါ်ယူချင်နေပေမယ့်လည်း အငှားခေါ်ယူခဲ့စဉ်ကတည်းက စာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်မရှိလို့ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကနေ ထည့်သွင်းချုပ်ဆိုခဲ့တာကြောင့် စီဘယ်ယို့စ်ကို လက်လျှော့လိုက်ရတာဖြစ်ပြီး သူ့အစား ဖယ်ကီအာကိုပဲ ပစ််မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၂၃)ပွဲအထိ ပါဝင်ကစားထားခဲ့တဲ့ ဖယ်ကီအာဟာ ဒီရာသီမှာတော့ ဘက်တစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၂၃)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၇)ဂိုးနဲ့ ဂိုးဖန်တီးမှုကို (၆)ကြိမ်ပြုလုပ်ထားခဲ့ပြီး ဘက်တစ်အသင်းရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်လို့နေပါတယ်။ လက်ရှိမှာ သူ့ကို ရီးရဲလ်အသင်းရဲ့ဥက္ကဌပီရက်ဇ်နဲ့ နည်းပြဇီဒန်းတို့ကလည်း သူတို့အသင်းဆီ ခေါ်ဆောင်စေချင်နေကြပါတယ်။