MySport Myanmar

ပီအက်စ်ဂျီနဲ့ လမ်းခွဲရနိုင်တဲ့ ကိုလို မူအာနီကို အာဆင်နယ် စိတ်ဝင်စားနေ

အာဆင်နယ်အသင်းကတော့ လာမယ့် ဇန်နဝါရီမှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းသွားဖို့အတွက် တိုက်စစ်ကစားသမား တချို့ကို ချိန်ရွယ်လျက် ရှိနေရာ လတ်တလောမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား ရန်ဒန် ကိုလို မူအာနီနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

အာဆင်နယ်က ဒီနွေမှာ တိုက်စစ်ပိုင်းအတွက် တောင်ပံကစားသမား ရာဟင် စတားလင်းကို အငှားနဲ့ ခေါ်ယူထားခဲ့ပေမယ့်လည်း ဒီလို ခေါ်ယူမှုက အသင်းအတွက် အကျိုးပြုတဲ့ ခေါ်ယူမှုတစ်ခု မဖြစ်ခဲ့လို့ လာမယ့် ဆောင်းဈေးကွက်အတွင်းမှာပဲ တိုက်စစ်ကစားသမားတစ်ဦး မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

အာဆင်နယ် ခေါ်ယူချင်နေတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ နယူးကာဆယ်က ဆွီဒင် တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်က ထိပ်ဆုံးကနေ ပါဝင်လို့နေပြီး ဂျုဗင်တပ်စ်ရဲ့ ဆာဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကိုလည်း ချိန်ရွယ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။

ဒီကစားသမားတွေအပြင် လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်ကစားသမား ကိုလို မူအာနီကိုပါ အာဆင်နယ်က စိတ်ဝင်စားလာခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် တိုက်စစ်ကစားသမားက လာမယ့် ဇန်နဝါရီမှာပဲ ပီအက်စ်ဂျီကနေ ထွက်ခွာသွားရနိုင်တဲ့ ကစားသမားစာရင်းထဲ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

Photo Credit : Stretty News

အထောင်တိုက်စစ်နဲ့ တောင်ပံနှစ်ဖက်လုံးမှာပါ ကစားနိုင်သူဖြစ်တဲ့ မူအာနီဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့်လည်း ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပွဲကစားခွင့် အလွန်နည်းပါးလွန်းနေပြီး နည်းပြ အင်းနရစ် သိပ်သဘောမကျတဲ့ ကစားသမားပါ ဖြစ်နေရပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဖရန့်ဖတ် ကစားသမားဟောင်း မူအာနီကို မန်ယူနိုက်တက်ကလည်း အငှားနဲ့ ခေါ်ယူသွားဖို့ ဆန္ဒရှိနေသလို အခု အာဆင်နယ်အသင်းကပါ အားနည်းနေတဲ့ အသင်းတိုက်စစ်ပိုင်းအတွက် မူအာနီကိုပါ ပစ်မှတ်ကစားသမားစာရင်းထဲ ထည့်သွင်းလို့ထားပြီး လတ်တလော အနေအထားအရ မူအာနီရဲ့ တန်ကြေးက အီဆက်ခ် ဗလာဟိုဗစ်ထက် သက်သာနိုင်ပါတယ်။

Exit mobile version