စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ထွက်ခွာသွားဖို့အထိကို စဉ်းစားလာခဲ့တဲ့ ဝါရင့်စပိန်တိုက်စစ်မှူးကြီး ဒီယေဂိုကော်စတာရဲ့အခြေအနေကို တရုတ်စူပါလိဂ်ကလပ်အသင်းတွေ အရှေ့အလယ်ပိုင်း ကလပ်အသင်းတွေက စောင့်ကြည့်လျက်ရှိနေသလို ဒီရာသီမှာ ရလဒ်ပိုင်း အတိမ်းအစောင်းတွေ ရှိလို့နေတဲ့ အာဆင်နယ်အသင်းကပါ ကော်စတာကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ တိုက်စစ်မှူးကြီး ဒီယေဂိုကော်စတာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဒဏ်ရာပြသာနာတွေကြောင့် အသင်းအတွက် ပွဲအနည်းငယ်ကိုသာ ပါဝင်ကစားထားခဲ့ရပြီး ရာသီအကုန်မှာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ သူ့အတွက် အနာဂတ်မရှိတော့တဲ့ အသက်လက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားတဲ့ ကော်စတာဟာ အခုဆိုရင် အသင်းနဲ့ အမြန်ဆုံးလက်တွဲဖြုတ်ဖို့အထိပါ ဟန်ပြင်လာခဲ့သလို အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကိုပါ ပျက်ကွက်လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Bein Sports

ဒီလိုအခြေအနေတွေရှိနေတဲ့ ဒီယေဂိုကော်စတာကို ကလပ်အသင်းများစွာကနေ စောင့်ကြည့်လျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ အာဆင်နယ်ပါ ပါဝင်လာခဲ့တယ်လို့ စပိန်အခြေစိုက် AS English ကနေ ဖော်ပြလာခဲ့ပါတယ်။ ကော်စတာဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အင်္ဂလန်မြေမှာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီးတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ ပိုင်ဆိုင်ခဲ့ဖူးတဲ့ တိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။ ကော်စတာဟာ ၂၀၁၈ခုနှစ်ကမှ ချယ်လ်ဆီးကနေ သူရဲ့အသင်းဟောင်း အသက်လက်တီကိုအသင်းဆီကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပေမယ့် ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ အရင်လို ခြေစွမ်းမျိုးတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရသလို လက်ရှိ အသင်းရဲ့တိုက်စစ်မှာကလည်း ဆွာရက်ဇ် ဂျာအိုဖီးလစ်တို့လို ထိပ်တန်းတိုက်စစ်မှူးတွေ ရှိနေတဲ့အတွက် ပုံမှန်နေရာရဖို့ပါ မလွယ်ကူတော့တာကြောင့် အသင်းနဲ့ ပြန်လည်လက်တွဲဖြုတ်ချင်လာခဲ့တာ ဖြစ်ပါတယ်။ ကော်စတာဟာ လာမယ့်နှစ် ဇူလိုင်လမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပေမယ့်လည်း လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းပြောင်းချင်နေပြီး အသင်းကိုလည်း အကြောင်းကြားထားခဲ့တာကြောင့် သူ့ကို အသင်းကနေ ရောင်းချရဖို့ ရှိနေပြီး ကလပ်အသင်းများစွာကလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ကြဖွယ် ရှိနေသလို အာဆင်နယ်လည်း ပါဝင်လာဖွယ် ရှိနေပါတယ်။