နိုဝင်ဘာလ (၁)ရက်နေ့ကစတင်ပြီး လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အာဆင်နယ်အသင်းတို့ နိုင်ပွဲတစ်ပွဲတည်းကိုသာ ရယူထားနိုင်ခဲ့တဲ့အထိ အသင်းရဲ့စွမ်းဆောင်ရည်တွေက အတော်လေးကို ကျဆင်းလျက်ရှိနေကာ တန်းဆင်းဇုန်နဲ့ ရမှတ်(၄)မှတ်အကွာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)နေရာထိကိုပါ ရောက်ရှိလို့နေရပါတယ်။ ဒီလို အခြေအနေတွေအပြင် အသင်းဘက်ကနေ ကစားသမား(၂)ယောက်ဖြစ်တဲ့ ကွင်းလယ်ကစားသမားအိုဇေးနဲ့ နောက်ခံလူဆိုကရာတစ်တို့ကိုပါ အသင်းရဲ့လူစာရင်းကနေ အချိန်တော်တော်ကြာကြာ ချန်လှပ်ထားနေရတာနဲ့ပတ်သက်ပြီးတော့ကိုလည်း အသင်းအတွင်းမှာ မပြေလည်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

ဒီကစားသမားနှစ်ယောက်လုံးဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားထားရခြင်း မရှိသေးပဲ ဆိုကရာတစ်က အာဆင်နယ်အရန်အသင်းမှာပဲ တစ်ပွဲနှစ်ပွဲခန့်သာ ပါဝင်ထားရသလို အိုဇေးဆိုရင်တော့ ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက အသင်းအတွက် လုံးဝကို မကစားခဲ့ရတာဖြစ်ပါတယ်။ အသင်းအနေနဲ့ ကွင်းလယ်တိုက်စစ်ပိုင်းမှာရော ခံစစ်ပိုင်းအတွက်ကိုပါ ကစားသမားလိုအပ်နေတဲ့အချိန်မှာ အိုဇေး ဆိုကရာတစ်တို့လို ကစားသမားကောင်းတွေ ရှိနေပါလျက်နဲ့ လုံးဝကို အသုံးမပြုပဲ အသင်းကို ဒီအတိုင်းသာ ဆက်ထားနေခြင်းကြောင့် အဝတ်လဲခန်းအတွင်းမှာ မပြေလည်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ Mirror ကနေ ထုတ်ဖော်လာခဲ့ပါတယ်။

Photo Credit : Bleacher Report

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ကွင်းလယ်ကနေ တိုက်စစ်ပိုင်းက တိုက်စစ်မှူးတွေ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့အတွက် Chances Create လုပ်ပေးနိုင်မယ့် ကွင်းလယ်ဖန်တီးရှင်တစ်ယောက်ကို လိုအပ်နေတာဖြစ်ပြီး အသင်းမှာလည်း အိုဇေးလို ကွင်းလယ်ဖန်တီးရှင် ကစားသမားမျိုး ရှိနေပေမယ့် အခုအချိန်ထိ အသင်းရဲ့လူစာရင်းမှာ ပြန်လည်သုံးစွဲလာခြင်းမရှိတဲ့အပေါ် အသင်းကစားသမားဟောင်းတွေ အသင်းပရိသတ်တွေများစွာက ဝေဖန်ပြစ်တင်လို့နေကြပါတယ်။ အသင်းသားများစွာကလည်း အိုဇေးလို ကမ္ဘာ့ဖလားချန်ပီယံတစ်ယောက် အသင်းအတွက်ကိုလည်း ဂိုးဖန်တီးမှုများစွာ လုပ်ဆောင်ပေးနိုင်သူတစ်ယောက်ကို အသင်းရဲ့လူစာရင်းအတွင်းမှာ ပြန်လည်မြင်တွေ့ချင်ကြသလို ဝါရင့်ဂရိနောက်ခံကစားသမား ဆိုကရာတစ်ကိုလည်း အသင်းရဲ့ပွဲစဉ်တွေမှာ ပြန်လည်အသုံးပြုစေချင်နေတာဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်လုံးကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာပဲဖြစ်ပါတယ်။