ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းထံ အငှားနဲ့ လာရောက် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နော်ဝေ ကွင်းလယ်လူ အိုဒီဂတ်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ လိုကွန်ညာ ၊ တာဗာရက်နဲ့ ဘန်ဝှိုက်တို့ကို ခေါ်ယူထားနိုင်ပေမယ့် အသင်းရဲ့ ကွင်းလယ်တိုက်စစ် အတွက် ကစားသမားသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး အိုဒီဂတ်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: AS English

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြသစ် အန်ဆလော့တီရဲ့ လက်အောက်မှာ ပုံမှန်နေရာ ရဖို့ ခက်ခဲတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ထားသူပါ။

ရီးရဲလ်မက်ဒရစ်အသင်းကလည်း အသင်းရဲ့ ကွင်းလယ်တိုက်စစ် နေရာမှာ အဆန်စီယို ၊ အစ္စကို ၊ ဂျိုဗစ် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် အိုဒီဂတ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီး အိုဒီဂတ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် အလိုရှိနေပါတယ်။

Photo Credit: AS English

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အိုဒီဂတ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေသလို သဘောတူညီမှု ရဖို့လည်း နီးစပ်နေပြီး အာဆင်နယ်အသင်းဟာ အိုဒီဂတ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ပေးချေဖို့ သဘောတူထားပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အိုဒီဂတ်ကို ရောင်းချရာမှာ ပြန်လည် ခေါ်ယူခွင့် အချက်အလက်ကို ထည့်သွင်းချင်နေတာကြောင့် အပြောင်းအရွှေ့ ပြီးပြတ်ဖို့ဟာ အနည်းငယ် ကြန့်ကြာဖွယ် ရှိကာ အာဆင်နယ်အသင်း ကတော့ ပြန်လည် ခေါ်ယူခွင့်ကို ထည့်သွင်းပေးဖို့ စိတ်ကူးမရှိပဲ ပြောင်းရွှေ့ကြေးကိုသာ တိုးမြှင့်ပေးဖို့ လိုလားနေပါတယ်။