ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှုတွေအနေနဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် မာကွင်ဟို့စ်နဲ့ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဗီအဲရာတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ဗဟိုခံစစ်နေရာ အတွက် အေဂျက် ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အာဆင်နယ်က ယခု နွေဈေးကွက်အတွင်းမှာ ကွင်းလယ်လူ တဦး ၊ တိုက်စစ်မှူး တဦးနဲ့ ခံစစ်မှူး တဦးတို့ကို အဓိကထား ခေါ်ယူဖို့ လျာထားတဲ့ အသင်း ဖြစ်ပြီး ယခုအချိန်မှာတော့ ကွင်းလယ်လူ နေရာအတွက် ကစားသမားသစ် တဦးကို ခေါ်ယူနိုင်ခဲ့ပါပြီ။

Photo Credit: Standard

အာဆင်နယ်က တိုက်စစ်ပိုင်း အတွက်လည်း မန်ချက်စတာ စီးတီးရဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ ဆွေးနွေးနေရာ ခံစစ်ပိုင်း အတွက် ကစားသမားသစ် ခေါ်ယူဖို့သာ လိုအပ်နေပြီး ယခုအချိန်မှာ အာဆင်နယ်က အေဂျက်ရဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်က ဗဟိုခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်သလို လိုအပ်ရင် လိုအပ်သလို ဘယ်နောက်ခံလူနေရာနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိတဲ့ စွယ်စုံရ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ အေဂျက်ရဲ့ တာဝန်ရှိသူတွေထံ ချိတ်ဆက်ကာ မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး မာတီနက်ဇ်ကို ပေါင် ၃၀သန်းနဲ့ ပထမအကြိမ် စတင် ကမ်းလှမ်းခဲ့ရာ အေဂျက်ဘက်က အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် အာဆင်နယ်ဘက်က မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်နေပြီး မာတီနက်ဇ် အတွက် ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှု အဖြစ် ပေါင် ၃၅သန်း ဝန်းကျင်နဲ့ ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းလည်း အာဆင်နယ်နဲ့ နီးစပ်သူ တဦးက သတင်းဌာန တချို့ကို အတည်ပြု ပြောကြားထားပါတယ်။