အာဆင်နယ်အသင်း နည်းပြ မီခယ်လ် အာတီတာဟာ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ အိမ်ရှင် နယူးကာဆယ်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူတို့အသင်းဟာ ရှုံးပွဲနဲ့ ထိုက်တန်မှု ရှိခဲ့တယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက်မှာ ဘုန်းမောက်ကို ရှုံး ၊ လီဗာပူးလ်ကို သရေနဲ့ အခု နယူးကာဆယ်ကို ရှုံးထားခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်က ပရီးမီးယားလိဂ် အဝေးကွင်း (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့ရပြီး ပြိုင်ပွဲစုံ နောက်ဆုံး အဝေးကွင်း (၅)ပွဲမှာလည်း ပရက်စတန် တစ်သင်းတည်းကိုသာ အနိုင်ရထားခဲ့ပါတယ်။
Photo Credit : Reuters
အခုဆိုရင် အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၇)မှတ်အထိ ကွာဟသွားပြီဖြစ်ပြီး ဒီညမှာ ဗီလာ ချယ်လ်ဆီးတို့ ရလဒ်ကောင်းမယ်ဆိုရင်လည်း အာဆင်နယ်အနေနဲ့ လက်ရှိ အဆင့်ရပ်တည်မှုဖြစ်တဲ့ အဆင့်(၄)နေရာကနေပါ အောက်ကို ဆင်းပေးရဖွယ် ရှိလာနိုင်ပါတယ်။
အာဆင်နယ်က ဒီရာသီအစမှာပဲ ဘုန်းမောက်နဲ့ နယူးကာဆယ်တို့ကို ရှုံးနိမ့်ထားရပြီဖြစ်ပြီး ဒီရှုံးပွဲနဲ့ ပတ်သက်လို့ အာတီတာက “ကျွန်တော်တို့ ဒီပွဲမှာ ရှုံးနိမ့်ဖို့ ထိုက်တန်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်း စတင်နိုင်ခဲ့သလို ပွဲကို လွှမ်းမိုးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဧရိယာဘောက်ထဲမှာ သေချာ မကစားနိုင်ဘူး။”
Photo Credit : Yardbarker
“သူတို့အသင်းကို ဂုဏ်ပြုပါတယ်။ သူတို့အသင်းက တကယ်ကောင်းတဲ့ ဖြတ်တင်ဘောကနေ တကယ့်ကို ကောင်းမွန်တဲ့ ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ပွဲက ပြောင်းလဲသွားပြီး ခက်ခဲတဲ့ ပွဲတစ်ပွဲကို ကစားနေရသလို ဖြစ်လာတယ်။ ဒါကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။”
“ကျွန်တော် အရမ်း စိတ်ပျက်မိရပါတယ်။ သူတို့ အဆက်မပြတ် ရှာဖွေနေတဲ့ ပွဲထဲဆီကို ကျွန်တော်တို့ ဆွဲသွင်းခံခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ လိုချင်တဲ့အတိုင်းလည်း မကစားနိုင်ခဲ့ပါဘူး။” လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါ တည်ငြိမ်မှု ကင်းမဲ့နေတဲ့ အာဆင်နယ်ဟာ ဒီကြားရက်မှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေသလို အဲ့ဒီပွဲပြီးတာနဲ့ ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲ ရင်ဆိုင်သွားရပါမယ်။