MySport Myanmar

ဂျေဇူးရဲ့ ကွက်လပ်ကို အန်ခယ်တီယာ ဖြည့်ဆည်း ပေးနိုင်မယ်လို့ ဇင်ချန်ကို ယုံကြည်နေ

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် လအနည်းငယ် အနားယူရတော့မယ့် အာဆင်နယ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးရဲ့နေရာ နောက်ထပ် အသင်းဖော် တိုက်စစ်ကစားသမား အက်ဒီအန်ခယ်တီယာက အစားထိုး ကစားနိုင်လိမ့်မယ်လို့ အာဆင်နယ် ဘယ်နောက်ခံလူ ဇင်ချန်ကိုက သုံးသပ် ပြောကြားလိုက်ပါတယ်။

Photo Credit : Sporting News

ဒီနှစ်နွေမှ မန်စီးတီးကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဂျေဇူးဟာ အာဆင်နယ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းကိုလည်း အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲခဲ့တဲ့ ဂျေဇူးဟာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရရင်းနဲ့ လာမယ့် မတ်လလောက်အထိပါ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အာဆင်နယ်ဘက်က အန်ခယ်တီယာကို ဂျေဇူးနေရာမှာ အစားထိုး ကစားခိုင်းဖို့ ရှိနေရာ ဒီလို ကစားစေမယ်ဆိုရင် အာဆင်နယ်တို့ ရုန်းကန်ရနိုင်တယ်လို့ ကစားသမားဟောင်းကြီး ပေါလ်မာဆင်က သုံးသပ်ထားပေမယ့်လည်း ဇင်ချန်ကိုကတော့ အန်ခယ်တီယာက ဂျေဇူးရဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်မယ်လို့သာ ယုံကြည်နေပါတယ်။

Photo Credit : Yahoo!

“အန်ခယ်တီယာက သူ့အလုပ်ကို အံ့သြစရာကောင်းလောက်အောင်နဲ့ လူတိုင်း သူ့ကို ယုံကြည်လာအောင် လုပ်ပြလာတော့မယ်ဆိုတာ လုံးဝ သံသယဝင်စရာ မရှိပါဘူး။ တစ်သင်းလုံးကလည်း သူ့ကို ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်တို့က ဒီလို အသင်းမျိုးကို ပိုင်ဆိုင်ထားတာပါ။ တစ်သင်းလုံးလည်း တစ်စုတစ်စည်းတည်း အတူတူ ရှိနေကြပါတယ်။ အသင်းတစ်သင်းအနေနဲ့ဆိုရင်လည်း ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံး ရှိနေရပါမယ်။ ဂျေဇူးကတော့ ကျွန်တော်တို့အသင်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးပါ။ သူက စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက်လည်း ဖြစ်တယ်။ အရင်ကထက် ပိုမို သန်မာတဲ့ပုံစံမျိုးနဲ့ သူ ပြန်လာမှာ သေချာပါတယ်” လို့ ဇင်ချန်ကိုက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ အန်ခယ်တီယာအပေါ် ဒီလို ယုံကြည်မှုတွေ ရှိနေပေမယ့်လည်း အာဆင်နယ်အနေနဲ့ကတော့ တိုက်စစ်ပိုင်းအတွက် အနည်းဆုံး ကစားသမားတစ်ဦးခန့်လောက်တော့ အားဖြည့်သွားဖို့ စဉ်းစားနေပြီး လတ်တလောမှာတော့ ရှက်တာဒိုးနက်အသင်းရဲ့ ယူကရိန်း တောင်ပံ တိုက်စစ်ကစားသမားလေး မူဒရစ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။

Exit mobile version