အာဆင်နယ်အသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ဘင်ဝှိုက်က သူဟာ လက်ရှိအချိန်မှာ ဘောလုံးသမားတစ်ယောက်အဖြစ် ရပ်တည်နေရပေမယ့်လည်း ဘောလုံးပွဲစဉ်တွေကို ကြည့်ရှုအားပေးရခြင်းကိုတော့ သဘောကျလေ့မရှိသူသာ ဖြစ်ကြောင်းနဲ့ သူရဲ့နာမည်ကိုလည်း ဘင်ဝှိိုက်ထက် ဘင်ဂျမင်လို့သာ ခေါ်ဆိုစေချင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Ruetir

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်နောက်ခံကစားသမားဖြစ်သူ ဘင်ဝှိုက်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းကမှ ဘရိုက်တန်အသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကနောက်ခံလူတစ်ယောက်အဖြစ် ပါဝင်နေသူလည်း ဖြစ်ပါတယ်။ ဘင်ဝှိုက်က သူရဲ့ပရော်ဖက်ရှင်နယ် လုပ်ငန်းတစ်ခုဖြစ်တဲ့ ဘောလုံးကစားရခြင်းကို နှစ်သက်ပေမယ့် ကွင်းထဲမှာ ပါဝင်ကစားရခြင်း မရှိတဲ့အချိန်မျိုးဆိုရင်တော့ ဘောလုံးပွဲကြည့်ခြင်းထက် တခြားသော လှုပ်ရှားမှုတစ်ခုခုကိုသာ လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : talkSPORT

ဘင်ဝှိုက်က “ဘောလုံးကစားရခြင်းက အရမ်းကို ပြင်းထန်လွန်းပါတယ်။ ဒီဟာအတွက် နေ့စဉ်တိုင်းလိုလို ရာနှုန်းပြည့် ပေးဆပ်နေရတယ်။ ကျွန်တော် ဖြစ်စေချင်တာကတော့ အိမ်ပြန်သွားတဲ့အခါ ဘောလုံးနဲ့ပတ်သက်ပြီးတော့ ဘာမှကို မတွေးတောနေဖို့ နောက်တစ်နေ့ မနက်ခင်းမှာ လန်းဆန်းနေဖို့နဲ့ နောက်ထပ် နေ့ရက်တွေမှာ ရာနှုန်းပြည့် ထပ်ကစားနိုင်အောင် အဆင့်သင့်ရှိနေဖို့ပါပဲ။ ကျွန်တော်က ကျွန်တော်ကိုယ့်ကျွန်တော် ခွဲခြမ်းစိတ်ဖြာတဲ့ အကြောင်းတွေနဲ့ ပြန်ကြည့်တတ်တယ်။ အင်္ဂလန်ပွဲတွေကိုလည်း ကြည့်ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်က အမြဲတမ်း အလုပ်များတာဖြစ်လို့ ဘောလုံးပွဲတစ်ပွဲကို ထိုင်ပြီးကြည့်ရှုတာမျိုး မလုပ်တတ်ဘူး။ ခပ်ငယ်ငယ်တုန်းကတည်းက ဘောလုံးပွဲတွေကို သိပ်မကြည့်ဖြစ်ခဲ့ဘူး။ အခုထိကို သိပ်မကြည့်ဖြစ်ဘူး။ ဘောလုံးကစားရတာကို ကြိုက်တယ်။ ဘောလုံးပွဲတွေကို ကြိုက်တယ်ဆိုပေမယ့် သိပ်တော့ ကြည့်ရှုလေ့ မရှိဘူး။ ဒါကြောင့် ဘောလုံးမျိုးဆက်ဟောင်းတွေအကြောင်းကို ကျွန်တော် သိပ်ပြီးမသိပါဘူး။ ဒါပေမယ့် ဗီအာရာက အရမ်းကောင်းတဲ့ ဘောလုံးသမားတစ်ဦး ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် သိတယ်။ အရမ်း အသေးစိတ်ကြီးကိုပဲ မသိတာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး သူရဲ့နာမည်အရင်းက ဘင်ဂျမင်ဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။