အာဆင်နယ်ကနေ စီးရီးအေကလပ် မွန်ဇာအသင်းမှာ အငှားနဲ့ ပါဝင်ကစားချင်နေတဲ့ ခံစစ်မှူး ပါဘလိုမာရီဟာ အီတလီနိုင်ငံ မီလန်မြို့မှာ မိသားစုဝင်တွေနဲ့အတူ ဈေးဝယ်ထွက်နေတုန်း ဈေးဝယ်စင်တာအတွင်းမှာ ဓါးထိုးခံရမှု ဖြစ်ပွားခဲ့ပြီးနောက် သူရဲ့ဒဏ်ရာက အသက်အန္တရာယ်ထိ စိုးရိမ်စရာ မရှိပဲ ဆေးရုံမှာ ကုသမှုတွေ ခံယူရင်းနဲ့ ပြန်လည် သက်သာသွားခဲ့ပြီလို့ သိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွယ် စပိန်နောက်ခံကစားသမား မာရီဟာ မနေ့က မီလန်မြို့အတွင်းရှိ ဈေးဝယ်စင်တာမှာ ဇနီးဖြစ်သူရယ် သားဖြစ်သူတို့ရယ်နဲ့အတူ ဈေးဝယ်ထွက်ရင်း အမှတ်မထင် လူတစ်ဦးရဲ့ ဓါးနဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ အသက်(၃၀)အရွယ် ငွေရှင်းကောင်တာမှာ အလုပ်လုပ်နေသူတစ်ဦး သေဆုံးသွားခဲ့ရပြီး မာရီ အပါအဝင် လူအနည်းငယ်လည်း ထိခိုက်ခဲ့ရသလို မာရီကတော့ နီးစပ်ရာ ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ပြန်လည် သက်သာ ကောင်းမွန်လာခဲ့ပြီလို့ အာဆင်နယ်အသင်းဘက်ကနေ တရားဝင် ထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit : Football365

မွန်ဇာအသင်းရဲ့ အမှုဆောင်ဖြစ်သူက မာရီရဲ့ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး “သူက သူ့သားကို တွန်းလှည်းနဲ့ထားပြီး သူ့ဇနီးက သူ့အနားမှာ ရှိနေတာ။ သူ ဘာကိုမှ သတိမထားမိလိုက်ဘူး။ အဲ့ဒီနောက် သူ့နောက်ကျောမှာ နာကျင်မှု တစ်ခုခုကို ခံစားလိုက်ရတယ်။ အဲ့ဒါကတော့ ရာဇဝတ်ကောင်ရဲ့ ဓါးပါပဲ။ ကံမကောင်းစွာပဲ ရာဇဝတ်ကောင်က တစ်စုံတစ်ယောက်ရဲ့ လည်ပင်းကို ဓါးနဲ့ ထိုးနေတာကိုလည်း သူ မြင်တွေ့ခဲ့ရတယ်။ အဲ့ဒီနေရာအတွင်း ဖြစ်ပျက်ခဲ့သမျှကို သူမြင်တွေ့လိုက်ရပြီးတော အဲ့ဒါက သူ့အတွက် စိတ်ကသိကအောက် ဖြစ်စေခဲ့ရပါတယ်” တယ်လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ပါဘလိုမာရီရဲ့ ဓါးထိုးမိတဲ့ ဒဏ်ရာက ကျောဘက်ကနေ ထိုးမိတာဖြစ်ပေမယ့် ဓါးက ကိုယ်အတွင်းမှာရှိတဲ့ အရေးကြီး ကိုယ်အတွင်း အစိတ်အပိုင်းကို မထိုးမိလိုက်တာကြောင့် ဒဏ်ရာ အလျင်အမြန်နဲ့ သက်သာခဲ့ရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက မာရီရဲ့ မိသားစုဝင်တွေဆီ ဆက်သွယ်ထားကြောင်း အခု သူက ဆေးရုံမှာပဲ ရှိနေကြောင်း အခု ပြန်လည် သက်သာနေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။