ဒီနေ့ စနေနေ့ည (၈)နာရီခွဲအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ လေးပွဲမြောက်ပွဲအဖြစ် တန်းဆင်းဇုန်အတွင်းမှာ ရုန်းကန်နေရတဲ့ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပြန်လည်စတင်ခဲ့တဲ့ပွဲမှာ မန်စီးတီးကို ဂိုးပြတ်အရေးနိမ့်ထားခဲ့ရတဲ့ အာဆင်နယ်အသင်းတို့ ဘရိုက်တန်အသင်းက နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ အသည်းခွဲဂိုးနဲ့ ဘရိုက်တန်က (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ မာရီနဲ့ချာကာတို့ ဒဏ်ရာရသွားခဲ့သလို ဒေးဗစ်လုဇ်ပါ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ လူစာရင်းကို အပြောင်းအလဲတွေ လုပ်ဆောင်လာခဲ့ပြီး အူဘာမီယန်း လာကာဇက် ပေပေ စီဘယ်ယို့စ် ဂွမ်ဒူဇီ ဆာခါ ဟိုဒင်း မူစတာဖီ ဘယ်လာရင် ကိုလာစီရှက် လေနိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ဒီပွဲမှာလည်း အသင်းရဲ့ ဂိုးသမားလေနိုကပါ ဒဏ်ရာအပြင်းအထန်ရသွားခဲ့လို့ ရှေ့လာမယ့်ပွဲတွေ အာဆင်နယ်အတွက် ခေါင်းခဲစရာပါ။ ပထမပိုင်းမှာ အာဆင်နယ်က ဘရိုက်တန်ထက် တိုက်စစ်ကို ပိုလိုက်ပါကစားနိုင်ပေမယ့် အာဆင်နယ်တိုက်စစ်က ထိရောက်မှုအားနည်းသလို ဘရိုက်တန်ကလည်း အရင်ပွဲတွေနဲ့မတူ အာဆင်နယ်ကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ပါတယ်။

 

ဒုတိယပိုင်းပြန်စပြီး မိနစ်အနည်းငယ်လောက်အကြာမှာ အူဘာမီယန်း အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် (၆၈)မိနစ်မှာတော့ တောင်ပံကစားသမားပေပေက သူရဲ့ Trademark ကန်ချက်နဲ့ ဘရိုက်တန်ဂိုးပေါက်ထဲကို အလှပဆုံးကန်သွင်းပြီး အာဆင်နယ်ကို စတင်ဦးဆောင်စေခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ဦးဆောင်မှုက ဆယ်မိနစ်တောင်မခံခဲ့ပဲ (၇၅)မိနစ်မှာတော့ ဘရိုက်တန်ခံစစ်မှူး လူးဝစ်ဒန့်က ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ အာဆင်နယ်ရော ဘရိုက်တန်ပါ တိုက်စစ်တွေ အပြန်အလှန်ဆင်ခဲ့ပေမယ့် သွင်းဂိုးတွေမရတော့ပဲ သရေနဲ့ပြီးဆုံးဖို့ ရှိခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ မူပေးက ပွဲသိမ်းအသည်းခွဲဂိုးကို သွင်းယူခဲ့တာကြောင့် အာဆင်နယ်တို့ ရှံးပွဲဆက်ခဲ့ရပါတယ်။