အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် နီကိုလပ်စ် ပေပေကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း လန်ဒန်မြို့ခံ သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၂၆နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား နီကိုလပ်စ် ပေပေကို ၂၀၁၉ခုနှစ်မှာ ပြင်သစ်ကလပ် လိုင်လီအသင်း ကနေ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၈၀သန်းနဲ့ ခေါ်ယူခဲ့တာပါ။

Photo Credit: The Mirror

အာဆင်နယ်အသင်းက ပေပေကို အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အွန်နရီလို အသင်းကို ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်အောင် ကူညီပေးနိုင်မယ့် ကစားသမား အဖြစ် ထင်မြင်ခဲ့ပေမယ့် ပေပေကတော့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသားကျဖို့ အတွက် အတော်လေးကို အချိန်ယူခဲ့ရသလို ခြေစွမ်းပြနိုင်ဖို့လည်း ရုန်းကန်နေရပါတယ်။

ပေပေဟာ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၉၈ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၅ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၈ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီမှာ ၉ပွဲသာ ပါဝင် ကစားခွင့် ရထားပါတယ်။

Photo Credit: The Mirror

ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ Football London သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အသင်းရဲ့ လိုအပ်နေတဲ့ နေရာတွေကို ကစားသမားသစ်တွေနဲ့ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နိုင်ဖို့ အတွက် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက အသုံးမဝင်တော့တဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး အဆိုပါ ကစားသမားတွေထဲမှာ နီကိုလပ်စ် ပေပေလည်း ပါဝင်နေကြောင်း သိရပါတယ်။

နီကိုလပ်စ် ပေပေဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်နေသေးပေမယ့် အာဆင်နယ်အသင်း ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း ရရှိရုံနဲ့ ပေပေကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး လက်ရှိအချိန်မှာ ပေပေကို ခေါ်ယူဖို့ အတွက် နယူးကာဆယ်အသင်းနဲ့ သူ့ရဲ့ အသင်းဟောင်း လိုင်လီအသင်းတို့က စိတ်ဝင်စားနေကြောင်း Football London သတင်းဌာနက ထပ်မံ ဆိုထားပါတယ်။