ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဂွမ်ဒူဇီကို ရောင်းချဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ အသက်၂၁နှစ်အရွယ် လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်း ဆီကို ၂၀၁၈ ခုနှစ်ကမှ ပြင်သစ်ကလပ် လော်ရီးယန့်အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိသူ တစ်ဦး ဖြစ်ပေမယ့် အာဆင်နယ်အသင်း နည်းပြ အာတီတာနဲ့ ဆက်ဆံရေး မပြေလည်တာကြောင့် လက်ရှိ ဘောလုံးရာသီ အကုန်မှာ အာဆင်နယ် အသင်းကို စွန့်ခွာရတော့မှာ ဖြစ်ကြောင်းလည်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Metro

အသက်၂၁နှစ်အရွယ် ဂွမ်ဒူဇီဟာ ယခင် အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း ဖြစ်တဲ့ အမ်မရီရဲ့ လက်အောက်မှာ ကစားခဲ့စဉ်ထ​​ဲက အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ နေရာ တစ်နေရာကို အခိုင်အမာ ရရှိခဲ့သူ ဖြစ်ပေမယ့် နည်းပြ အာတီတာ ရောက်လာအပြီးမှာတော့ သူ့ရဲ့ ခြေစွမ်းတွေဟာ ထင်သလောက် ကောင်းမွန် ခဲ့ခြင်း မရှိတော့ပဲ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရသူတစ်ဦးပါ။ ဒါ့အပြင် အာဆင်နယ်အသင်း က ဘရိုက်တန်အသင်းကို နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဂွမ်ဒူဇီဟာ သူ့ရဲ့ ကွင်းအတွင်းမှာ ပြုမူခဲ့တဲ့ လုပ်ရပ်အတွက် အာတီတာရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြီး ဂွမ်ဒူဇီကလည်း အာတီတာအပေါ် မလေးစားတဲ့ အပြုအမူတွေ ပြုမူခဲ့တာကြောင့် အဆိုပါပွဲစဉ် ပြီးကတည်းက ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်းရဲ့ လူစာရင်းမှာ မပါဝင်တော့ပဲ ချန်လှပ်ခြင်းကို ခံခဲ့ရပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ The Athletic ရဲ့ ဖော်ပြချက်အရတော့ ဂွမ်ဒူဇီဟာ ဇွန်လ ၂၀ရက်နေ့ကတည်းက အာဆင်နယ် အသင်းနဲ့အတူ လေ့ကျင့်ခွင့် မရတော့ပဲ တစ်ဦးတည်းသာ လေ့ကျင့်ခန်း ဆင်းနေရကြောင်း သိရသလို လက်ရှိ ဘောလုံးရာသီ အကုန်မှာ ဂွမ်ဒူဇီကို ရောင်းချသွားဖို့အတွက် အာဆင်နယ် အသင်းဟာ ဆုံးဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းဟာ ဂွမ်ဒူဇီကို သူတို့ ဝယ်ခဲ့တဲ့ စျေးနှုန်းရဲ့ ငါးဆ ဖြစ်တဲ့ ယူရို ၄၀ သန်း ဝန်းကျင်နဲ့ ရောင်းချလိုနေတာ ဖြစ်ကြောင်းလည်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဂွမ်ဒူဇီကို ခေါ်ယူဖို့အတွက် ပြင်သစ် အင်အားကြီး အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ မာဆေးလ် ၊ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ လက်စတာအသင်းနဲ့ မန်ယူအသင်းတို့ဟာ စိတ်ဝင်စားနေကြတယ်လို့ သိရှိရပါတယ်။