ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ အူဘာမီယန်းကို ရောင်းချဖို့ အတွက် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၃၀အရွယ် ရှိနေပြီဖြစ်တဲ့ အူဘာမီယန်းဟာ လက်ရ​ှိ​ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသလို ပရီးမီးယားလိဂ်မှာ အသင်းအတွက် ၂၆ပွဲ ကစားထားရာမှာ ၁၇ဂိုး သွင်းယူပေးထားပြီး ၁ဂိုး ဖန်တီးပေးထားနိုင်ခဲ့သူ ဖြစ်ကာ သူ့ရဲ့ခြေစွမ်းတွေဟာ အာဆင်နယ် အသင်းရဲ့ ရလဒ်ကောင်းတွေအတွက် အခရာ ကျနေတယ်လို့ ဆိုရမှာပါ။

Photo Credit: Metro.com

ဒါပေမယ့် အသက်၃၀အရွယ် ကစားသမား တစ်ဦးမှာ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့တဲ့ အခြေအနေက အာဆင်နယ် အသင်းအတွက် စဉ်းစားစရာတွေ ဖြစ်နေခဲ့ပြီး အူဘာမီယန်းဟာ လာမယ့်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးမှာ ဖြစ်တာကြောင့် ဥရောပ ထိပ်သီးအသင်းတွေကလည်း အူဘာမီယန်းကို ခေါ်ယူဖို့အတွက် စောင့်ကြည့်လာကြပါတယ်။ ဒီအခြေအနေတွေကို ဖြေရှင်းဖို့ အာဆင်နယ် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ စတင်ချိန် ကတည်းက အူဘာမီယန်းကို စာချုပ်သစ်တွေ ကမ်းလှမ်းခဲ့ပေမယ့် အူဘာမီယန်းဘက်ကတော့ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို လက်မခံသေးပဲ အသင်းရဲ့ အပြောင်းအရွှေ့ စီမံကိန်းတွေကို စောင့်ကြည့်ပြီးမှသာ အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုတွေကို စဉ်းစားမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

Photo Credit: Metro.com

ဒါ့ကြောင့် အူဘာမီယန်းနဲ့ အာဆင်နယ် အသင်းရဲ့ အခြေအနေဟာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အခြေအနေလို့ သုံးသပ်ခံထားရပြီး ယနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်း အများစုအရတော့ အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို လာမယ့် အပြောင်းအရွှေ့ ရာသီမှာ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်သွားတော့မယ် လို့ သိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အာဆင်နယ် အသင်းဟာ အူဘာမီယန်းကို စာချုပ်သစ် ချုပ်ဖို့ ကိစ္စကို လက်လျှော့လိုက်ပြီ ဖြစ်ကြောင်းနဲ့ သူ့ကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းဝန်းကျင် ရပါက ရောင်းချသွားမှာ ဖြစ်ပြီး ရရှိလာတဲ့ ပြောင်းရွှေ့ကြေးထဲက အချို့တစ်ဝက်ကို အစားထိုး ကစားသမားခေါ်ယူရာမှာ အသုံးပြုသွားမှာပါ။ အူဘာမီယန်းသာ အာဆင်နယ်အသင်းကနေ ထွက်ခွာ သွားခဲ့ပါက လက်ရှိ ဘောလုံးရာသီမှာ ဂိုးသွင်းခြေတွေ့နေတဲ့ ဘရာဇီးလ် လူငယ်တိုက်စစ်မှူး မာတီနယ်လီဟာ အာဆင်နယ်ရဲ့ အားထားရတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်လာနိုင်ပါတယ်။