ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဥရောပဝင်ခွင့်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ဘောလုံးရာသီတစ်ခု မစတင်ခင်မှာ အသင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့အတွက်နဲ့ လစာလျှော့ချမှုတွေ ပြုလုပ်သွားဖို့အတွက် နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမား(၁၂)ယောက်လောက်အထိကို ရောင်းချသွားဖွယ် ရှိနေပြီး စီနီယာကစားသမားများစွာလည်း ပါဝင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Arsenal

အာဆင်နယ်အသင်းဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ စီနီယာကစားသမားတွေဖြစ်တဲ့ ချာကာ ဂွမ်ဒူဇီ တော်ရဲရား ဝီလီယံစ် ဘယ်လာရင် မီလန်းနိုင်းစ် အင်ခီတီယာတို့အပြင် အသင်းမှာ ကစားခွင့်မရသေးတဲ့ လူငယ်ကစားသမားလေး ဆလီဘာတို့အပါအဝင် ကစားသမား(၁၂)ယောက်ခန့်အထိကို ရောင်းထုတ်သွားဖွယ် ရှိလို့နေပြီး ဒီကနေ ရရှိလာတဲ့ ပြောင်းရွေ့ကြေးတွေကနေ ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူရာမှာ အသုံးစရိတ်အဖြစ် အသုံးချဖွယ် ရှိနေပါတယ်။

Photo Credit : Daily Express

လက်ရှိမှာတော့ ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာက ရိုးမားအသင်းဆီ ရောက်ရှိဖို့ နီးစပ်နေသလို လူငယ်ကွင်းလယ်လူ ဂွမ်ဒူဇီမှာလည်း မာဆေးလ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီတွေက အာဆင်နယ်ကနေ အငှားထွက်ကစားခဲ့ရတဲ့ ကွင်းလယ်လူ တော်ရဲရားနဲ့ မီလန်းနိုင်းစ်တို့မှာလည်း အာဆင်နယ်နဲ့ အပြီးသတ်လမ်းခွဲဖွယ် ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ရာသီကမှ အသင်းကို ရောက်လာခဲ့တဲ့ ဘရာဇီး ဝါရင့်တောင်ပံကစားသမားကြီး ဝီလီယံစ်မှာလည်း အာဆင်နယ်မှာ တစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာပဲ အသင်းနဲ့ ပြန်လည်လမ်းခွဲရဖို့ နီးစပ်နေသလို အသင်းမှာ နေရာသိပ်မရတဲ့ လူငယ်တိုက်စစ်မှူးလေး အင်ခီတီယာမှာလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ ငြင်းဆန်ထားခဲ့တာကြောင့် နွေစျေးကွက်ထဲမှာပဲ ရောင်းချသွားရနိုင်ပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်အသင်းဟာ နွေရာသီ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘင်ဖီကာအသင်းရဲ့ ဘယ်နောက်ခံကစားသမား တာဗာရက်စ်ကို ခေါ်ယူနိုင်တော့မှာဖြစ်သလို အန်ဒါလက်ချ်အသင်းရဲ့ ဘယ်ဂျီယံ ကွင်းလယ်လူ လိုဂွန်ဂါကိုလည်း အရခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ဘရိုက်တန်နောက်ခံကစားသမား ဘင်ဝှိုက်ကိုလည်း ပစ်မှတ်ထားလို့နေပြီး တတိယအကြိမ် ကမ်းလှမ်းမှုကိုလည်း မကြာခင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။