ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး လန်ဒန်မြို့ခံ အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းကတော့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ကော်တင်ဟို ၊ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဝီလီယံတို့ကို တစ်ပြိုင်နက်ထဲ ခေါ်ယူနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ အာဆင်နယ် အသင်းဟာ အသက်၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဝီလီယံကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ် အသင်းထံ အငှားနဲ့ သွားရောက် ကစားနေတဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ကော်တင်ဟိုကိုတော့ တစ်ရာသီ အငှားနဲ့ ခေါ်ယူမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက်၃၁နှစ်အရွယ် တောင်ပံ တိုက်စစ် ကစားသမား ဝီလီယံဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တောင်ပံ ကစားသမား ဖြစ်သလို လက်ရှိအချိန်အထိလည်း ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြ ကစားထားနိုင်နေဆဲ ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းနဲ့အတူ ချုပ်ဆို ထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အချိန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားသူပါ။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ အဆိုအရ ဝီလီယံဟာ လန်ဒန်မြို့မှာပဲ ဆက်လက် နေထိုင်လိုတာကြောင့် လန်ဒန်မြို့ခံ အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖွင့်ဟထားကြောင်း သိရှိရပါတယ်။ အာဆင်နယ်အသင်းဟာ ဝီလီယံကို ၃နှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့လည်း Le10 Sport သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: Goal

လက်ရှိ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်း ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားနဲ့ သွားရောက် ကစားနေတဲ့ ကော်တင်ဟိုကိုတော့ အာဆင်နယ်အသင်းဟာ တစ်ရာသီအငှားနဲ့ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sport သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ Sport သတင်းဌာနရဲ့ အဆိုအရတော့ အာဆင်နယ်အသင်းဟာ ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးရာမှာ အရေးကြီးတဲ့ အဆင့်ကို ရောက်ရှိနေပြီး အဆိုပါ အဆင့်မှာသာ ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရခဲ့ပါက ကော်တင်ဟို ကို အငှားနဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ အာဆင်နယ်အသင်းဟာ ကော်တင်ဟို ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာအသင်းဆီကို အငှားကြေး ပေါင်၉သန်း ကနေ ပေါင် ၂၇သန်းကြား ပေးချေ ရဖွယ် ရှိတယ်လို့ သိရပါတယ်။