ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား တစ်ဦး ဖြစ်ပေမယ့် လက်ရှိမှာတော့ အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်း ကနေ ဖယ်ရှားခံရမယ့် အခြေအနေမှာ ရှိနေတယ် လို့ သိရပါတယ်။ အသက် ၃၁ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျာမန် ဝါရင့်ကွင်းလယ်လူ အိုဇေးလ် ဟာ အာဆင်နယ်အသင်းမှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာအောင် ရှိနေတဲ့ ကစားသမား ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ အတူ အက်ဖ်အေဖလား ၄ကြိမ် အထိ ဆွတ်ခူး ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အိုဇေးလ်ဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲအထိ ရရှိနေသူ တစ်ဦး ဖြစ်ပေမယ့် အမ်မရီ လက်ထက်မှ စတင်ပြီး အသင်းရဲ့ပွဲစဉ် အတော်များများကို လွဲချော်ခဲ့ရကာ အာတီတာရဲ့ လက်ထက်မှာတော့ အရေးမပါတဲ့ပွဲစဉ် အနည်းငယ်ကိုသာ ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။ အထူးသဖြင့် အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာ လျှော့ယူရမယ့် အစီအမံကို လက်ခံခဲ့ခြင်း မရှိတာကြောင့် အသင်းနဲ့ ပြဿနာ တက်ခဲ့ပြီး အဆိုပါ ပြဿနာ ဖြစ်ပွားပြီး နောက်မှာတော့ အိုဇေးလ်ဟာ အာဆင်နယ်အသင်း အတွက် ခြေစမ်းပွဲ တစ်ပွဲမှသာ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လက်ရှိမှာ အိုဇေးလ်ကို အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းကနေ ထုတ်ပယ်နိုင်ချေရှိကြောင်း သိရပါတယ်။

Photo Credit: Metro

လက်ရှိ အာဆင်နယ်အသင်းမှာ အင်္ဂလန်နိုင်ငံ ပြင်ပ ကစားသမားတွေ များပြားနေတာကြောင့် ပရီးမီးယားလိဂ်ရဲ့ သတ်မှတ်ချက် တစ်ခု ဖြစ်တဲ့ Home Grown စည်းမျဉ်းနဲ့ အံဝင်စေဖို့ အသင်းရဲ့ ကစားသမားတွေထဲက အသုံးမဝင်တဲ့ ဝါရင့် ကစားသမား နှစ်ဦးကို ရှင်းထုတ်ဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ ဂရိခံစစ်မှူး ဆိုကရာတစ် ၊ ဂျာမန် နောက်ခံလူ မူစတာဖီနဲ့ အိုဇေးလ်တို့ဟာ ဖယ်ရှားခံရမယ့် ကစားသမား စာရင်းထဲမှာ ပါဝင် နေပါတယ်။ အချို့ သတင်းတွေမှာတော့ အာတီတာဟာ အိုဇေးလ်နဲ့ ဆိုကရာတစ်တို့ကို အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားမှာ ဖြစ်တယ် လို့ ဖော်ပြ ထားကြပြီး ပရီးမီးယားလိဂ် လူစာရင်း ကနေသာ ဖယ်ရှားခံရပါက အိုဇေးလ်ဟာ ဇန်နဝါရီအထိ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဝင်ရောက် ကစားခွင့် ရတော့မှာ မဟုတ်ပါဘူး။