MySport Myanmar

ရိုဒရီဂိုကို ခေါ်ယူဖို့ ကြီးမားတဲ့ အတားအဆီးနဲ့ ကြုံတွေ့ရနိုင်တဲ့ အာဆင်နယ်

ရီးရဲလ် မက်ဒရစ်အသင်းမှာ တိုက်စစ်ကြယ်ပွင့် ရိုဒရီဂို ဂိုးစ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းမှန်းဆမှုတွေ အများအပြား ထွက်ပေါ်နေခဲ့ပြီးနောက် အာဆင်နယ် အပါအဝင် ကလပ်အသင်း တော်တော်များများက ရိုဒရီဂိုကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

အသက်(၂၄)နှစ်အရွယ် ကစားသမားဟာ ဆန်တီယာဂို ဘာနေဗျူးမှာ ဆက်နေမနေဆိုတာနဲ့ ပတ်သက်ပြီး သံသယတွေ ရှိခဲ့ပေမယ့် အခုတော့ အဲဒီသံသယအချို့ ပျောက်ကွယ်သွားပြီဖြစ်လို့ ဒါဟာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေအတွက် သတင်းဆိုး ဖြစ်လာရပါတယ်။

Photo Credit : Goal

မကြာသေးခင် ရက်ပိုင်းတွေက ရီးရဲလ်ဟာ ရိုဒရီဂိုကို ပေါင်သန်း(၈၀)လောက်နဲ့ ရောင်းချဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို အာဆင်နယ်လို ဘယ်တောင်ပံကစားသမားတစ်ဦး ရှာဖွေနေတဲ့ အသင်းအနေနဲ့ကလည်း ဒီတန်ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် အခုတော့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အခွင့်အရေးတွေဟာ ရပ်တန့်သွားပြီလို့ ထင်ရပါတယ်။

Diario AS သတင်းစာရဲ့ ဖော်ပြချက်အရ ရိုဒရီဂိုဟာ ဒီနွေရာသီမှာ ရီးရဲလ်အသင်းကနေ ထွက်ခွာဖို့ လောလောဆယ် စဉ်းစားနေခြင်း မရှိဘူးလို့ သိရပါတယ်။ သူဟာ မကြာသေးခင် လတွေအတွင်း စွမ်းဆောင်ရည်ကျဆင်းမှုကြောင့် စိတ်ပျက်ခဲ့ရတာ မှန်ပေမယ့် ဒါက သူ့ရဲ့ ခြေစွမ်းမကောင်းလို့သာ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက စပြီး ပြိုင်ပွဲစုံ (၂၂)ပွဲ ကစားခဲ့ရာမှာ တစ်ဂိုးပဲ သွင်းနိုင်ခဲ့တာကြောင့်ပါ။

Photo Credit : Real Madrid Confidencial

ရိုဒရီဂိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းမှန်းဆမှုတွေရဲ့ အကြောင်းရင်းတစ်ခုကတော့ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ El Clasico ပွဲမှာ သူပါဝင်ခဲ့ခြင်း မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းဖော်ပြချက်မှာတော့ ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့ အနာဂတ်နဲ့ ဘာမှမဆိုင်ဘဲ ပြင်းထန်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ကိုယ်အလေးချိန် (၄)ကီလိုဂရမ် ဆုံးရှုံးခဲ့ရတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီနွေရာသီမှာ ဇာဗီ အလွန်ဆို ရောက်ရှိလာတာကြောင့် ရီးရဲလ် မက်ဒရစ်ဟာ တိုက်စစ်မှူး (၂)ဦးတည်းနဲ့ ကစားနိုင်ခြေရှိတာကြောင့် ရိုဒရီဂိုရဲ့ ကစားချိန် လျော့ကျသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာရင်တောင် ရိုဒဂီဂိုရဲ့ ပထမဆုံး စဉ်းစားမှာက အသင်းကနေ ထွက်ခွာဖို့ မဟုတ်ဘဲ သူဟာ ဆန်တီယာဂို ဘာနေဗျူးဆီ အလွန်ဆို ရောက်ရှိလာတဲ့အခါမှာ ဆွေးနွေးပြောဆိုသွားမှာဖြစ်ပြီး သူ့ရဲ့ အရေးပါမှုကို နည်းပြသစ်ကို ယုံကြည်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Exit mobile version