အာဆင်နယ်အသင်းကတော့ နွေစျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေကို အများဆုံး လုပ်ဆောင်ထားခဲ့ပေမယ့်လည်း အသင်းရဲ့ ရလဒ်တွေကိုတော့ ကောင်းမွန်လာအောင် မလုပ်ဆောင်နိုင်သေးပဲ ရာသီအစ လိဂ်ပြိုင်ပွဲ (၃)ပွဲဆက်တိုက် အရေးနိမ့်ထားခဲ့ရသလို ပရီးမီးယားလိဂ်မှာ အခုထိလည်း သွင်းဂိုးမရှိသေးပဲ (၉)ဂိုးအထိ ခွင့်ပြုထားရပြီး ရမှတ်လည်း မရှိသေးတဲ့အပြင် နောဝစ်ချ်စီးတီးအသင်းနဲ့ ပွဲစဉ်မှာပါ ထပ်မံအရေးနိမ့်ဦးမယ်ဆိုရင် အသင်း သမိုင်းတလျှောက် အဆိုးဆုံးသော တာထွက်တစ်ခုအဖြစ်နဲ့ပါ မှတ်တမ်းဝင်သွားရမှာ ဖြစ်ပါတယ်။

Photo Credit : The Sun

အာဆင်နယ်အသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် တန်းတတ် ဘရန့်ဖိုဒ့်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရပြီး (၂)ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့သလို ချယ်လ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရတဲ့ လန်ဒန်ဒါဘီမှာလည်း (၂)ဂိုး ဂိုးမရှိနဲ့ပဲ ထပ်ပြီးရှုံးနိမ့်ခဲ့ရပါတယ်။ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှာလည်း အာဆင်နယ်အသင်းရဲ့ ရှုံးပွဲဆက်မှုကို မရပ်တန့်နိုင်ခဲ့ပဲ (၅)ဂိုးပြတ်နဲ့ပါ အရှက်တကွဲ အရေးနိမ့်ခဲ့ရပါတယ်။ ဒီလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းအနေနဲ့ ပွဲစဉ်မှာ နောဝစ်ချ်နဲ့ တွေ့ဆုံရမယ့် ပွဲစဉ်မှာပါ ထပ်ပြီးအရေးနိမ့်ဦးမယ်ဆိုရင်တော့ ၁၉၉၃-၁၉၉၄ ဘောလုံးရာသီအတွင်း ဆွင်ဒန်တောင်းအသင်းရဲ့ ပရီးမီးယားလိဂ် တာထွက် (၄)ပွဲဆက် ရှုံးနိမ့်ထားခဲ့တဲ့ စံချိန်ကိုပါ လိုက်မီနိုင် (ဒါမှမဟုတ်) ရိုက်ချိုးနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : The Independent

ဒါပေမယ့် ဒီစံချိန်ကို အာဆင်နယ်တစ်သင်းတည်းကသာ လိုက်မီနိုင်(သို့) ရိုက်ချိုးနိုင်ဖွယ် ရှိနေတာမဟုတ်ပဲ အာဆင်နယ်လို ဒီရာသီမှာ ရာနှုန်းပြည့် ရှုံးပွဲတွေ ဆက်နေတဲ့ နောဝစ်ချ်စီးတီးအသင်းမှာလည်း ဒီအခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီပွဲစဉ်ကို အာဆင်နယ်ရဲ့ အိမ်ကွင်းမှာ ကျင်းပမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ကလည်း ဒီပွဲစဉ်အတွင်း အမှတ်စတင်ရယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတာကြောင့် နောဝစ်ချ်အတွက် (၄)ပွဲဆက်တိုက် အရေးနိမ့်ဖို့က အလားအလာ ပိုများနေရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့်အောက်ဆုံးမှာ ရပ်တည်လျက်ရှိနေပြီး နောဝစ်ချ်ကတော့ အဆင့်(၁၉)နေရာမှာ ရှိနေရပါတယ်။ ဒီအသင်း(၂)သင်းလိုပဲ ဝုလ်ဗ်အသင်းဟာလည်း တာထွက်(၃)ပွဲလုံးကို အရေးနိမ့်ထားတာကြောင့် ပွဲစဉ်(၄)မှာ ရလဒ်ကောင်းတစ်ခု ရယူသွားဖို့ လိုအပ်လျက် ရှိနေတာ ဖြစ်ပါတယ်။