ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်ကို ပြင်ဆင်ဖို့ အတွက် နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူနိုင်ရန် ချဉ်းကပ် စုံစမ်းမှုတွေ ပြုလုပ်ထားကြောင်း နာပိုလီနဲ့ နီးစပ်တဲ့ သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

တချိန်က ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်ခဲ့ဖူးတဲ့ အာဆင်နယ်ဟာ အသင်းရဲ့ သက်တော်ရှည်နည်းပြ အာစင်ဝင်းဂါးကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် တစထက် တစ အင်အားနည်းလာတဲ့ အသင်းတသင်း ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ကိုတောင် ရုန်းကန် ကြိုးစားနေရပါတယ်။

Photo Credit: Football London

 

အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ပေါင် ၁၀၀သန်းကျော် အသုံးပြုကာ သူတို့အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို မပြင်ဆင်နိုင်ခဲ့တာကြောင့်ပဲ တချို့ပွဲတွေမှာ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ရသလို အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ လာကာဇက် ၊ မာတီနယ်လီနဲ့ အန်ခီးတီးယားတို့က ပုံမှန် ခြေစွမ်းကောင်းတွေ မပြနိုင်တာကြောင့် သွင်းဂိုးတွေ ရရှိဖို့ အတွက် ကွင်းလယ်အစုအဖွဲ့ ဖြစ်တဲ့ ဆာကာ ၊ အိုဒီဂါတ်နဲ့ စမစ်ရိုဝီတို့ အပေါ်သာ မှီခိုနေရပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး နာပိုလီနဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး အိုဆီမန်က သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Football London

အသက် ၂၃နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်ဟာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်သူပါ။

နာပိုလီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ Area Napoliရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက အိုဆီမန်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်ထားကြပြီး အိုဆီမန်ကလည်း အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေပေမယ့် အိုဆီမန်က ချန်ပီယံလိဂ်ဝင်ခွင့် ပုံမှန် ရတဲ့ အသင်းတသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာကြောင့် အာဆင်နယ်အနေနဲ့ အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း သိရပါတယ်။