ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ကတော့ မာကွင်ဟို့စ်နဲ့ ဗီအဲရားတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် အတွက် လိဒ်ယူနိုက်တက်ရဲ့ ဘရာဇီးလ်ကြယ်ပွင့် ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကပ်သီးလေး လွဲချော်ခဲ့တဲ့ အာဆင်နယ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းအတွက် ကစားသမားသစ် ၅ဦးခန့် ခေါ်ယူဖို့ လျာထားပြီး လက်ရှိမှာတော့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် မာကွင်ဟို့စ်နဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဗီအဲရားတို့ကို ခေါ်ယူထားနိုင်ပါတယ်။

Photo Credit: The Sun

တိုက်စစ်အားသန် ကစားသမားသစ် နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ပေမယ့် အာဆင်နယ်က အသင်းရဲ့ တိုက်စစ်ပိုင်းကို ဆက်လက် အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး အထောင်တိုက်စစ် အတွက် မန်ချက်စတာ စီးတီးရဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေသလို တောင်ပံတိုက်စစ် အတွက် လိဒ်ယူနိုက်တက်နဲ့ တောက်ပနေတဲ့ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

နာမည်ကြီး သတင်းဌာနတွေ ဖြစ်ကြတဲ့ Goalနဲ့ Football Londonတို့ရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ အီဒူးက မကြာမီကပဲ ရာဖင်ဟာရဲ့ အေးဂျင့်ဖြစ်သူ ဒေကိုထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေသလို အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေကလည်း လိဒ်ယူနိုက်တက်ထံ တရားဝင် ဆက်သွယ်ကာ ပြောင်းရွှေ့ကြေး အတွက် ညှိနှိုင်းနေကြောင်း သိရပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အာဆင်နယ်ဟာ ရာဖင်ဟာ အတွက် လိဒ်ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးနေကြောင်း အတည်ပြုထားပြီး ရာဖင်ဟာကတော့ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားကြောင်း ဆိုပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်ဟာ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေပြီး အာဆင်နယ်က ရာဖင်ဟာ အတွက် လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း အာဆင်နယ်နဲ့ နီးစပ်သူတွေက ပြောကြားထားပါတယ်။