ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အီတလီ စီးရီးအေကလပ် အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တူရကီ ကွင်းလယ်တိုက်စစ် ကစားသမား ကတ်ဟာနိုဂလူးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချဉ်းကပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၇နှစ် အရွယ် တူရကီ ကွင်းလယ်လူ ကတ်ဟာနိုဂလူးဟာ ယခုလ ၃၀ရက်နေ့မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး လက်ရှိမှာ အေစီမီလန်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးပါပဲ အသင်းပြောင်းဖို့ နီးစပ်နေသူလည်း ဖြစ်ပါတယ်။

Photo Credit: Football London

ကတ်ဟာနိုဂလူးဟာ ယခုနှစ် ဘောလုံးရာသီမှာ အေစီမီလန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၂ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် သူ့လို ကစားသမားမျိုးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့် ရတာဟာ အတော်လေးကို ကောင်းမွန်တဲ့ အခွင့်အရေး တခု ဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ကတ်ဟာနိုဂလူးကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ စတင် ပြုလုပ်လာပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Minsရဲ့ ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ အသင်းရဲ့ နွေရာသီ ပစ်မှတ် ကစားသမား ဖြစ်သူ ဘွမ်ဒီယာကို ဗီလာအသင်းထံ လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အေစီမီလန်အသင်းရဲ့ ကတ်ဟာနိုဂလူးကို ခေါ်ယူဖို့ စတင် စဉ်းစားလာကြောင်း သိရပါတယ်။

Photo Credit: Football London

အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေတဲ့ အသင်းတသင်း ဖြစ်ပြီး အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေ ဖြစ်တဲ့ ချာကာ ၊ ဂွမ်ဒူဇီ ၊ ဘယ်လာရင် ၊ နိုင်းလ် စတဲ့ ကစားသမားတွေကို ရောင်းချကာ ကွင်းလယ်တိုက်စစ် ကစားသမား တဦး ၊ ကွင်းလယ်ခံစစ် ကစားသမား တဦး ၊ ဗဟို ကွင်းလယ်လူ တဦးနဲ့ ညာနောက်ခံ ကစားသမားတဦး တို့ကို ခေါ်ယူဖို့ စီစဉ်ထားကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ အသက် ၂၇နှစ် အရွယ် ကတ်ဟာနိုဂလူးဟာ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် သူ့ကိုသာ ခေါ်ယူနိုင်ခဲ့ပါက အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းဟာ အင်အား တောင့်တင်းလာမှာ ဖြစ်ပြီး ကတ်ဟာနိုဂလူးကလည်း အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း တူရကီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။