လက်ရှိအချိန်မှာ ကစားသမားသစ်အဖြစ် အမေရိကန်ဂိုးသမား မတ်တာနာတစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်သေးတဲ့ အာဆင်နယ်အသင်းဟာ ကစားသမားသစ်တွေကို ထပ်မံခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေရာ လတ်တလောမှာတော့ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ရီးယဲလ်မက်ဒရစ် ကစားသမား မာကိုအဆန်စီယိုကို ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက်(၂၆)နှစ်အရွယ် စပိန်လက်ရွေးစင် ညာတောင်ပံကစားသမား အဆန်စီယိုဟာ ၂၀၁၅ခုနှစ်ကတည်းက အက်စပန်ညိုကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အရည်အသွေးမြင့် ကစားသမားတစ်းဦး ဖြစ်ပေမယ့် ဒဏ်ရာပြသာနာတွေရဲ့ ထိုးနှက်မှုကြောင့် ရီးယဲလ်မှာ တခြားကစားသမားတွေလောက် ပွဲထွက်ခွင့် သိပ်မရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆန်စီယိုဟာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းက (၁)နှစ်သာ သက်တမ်းကျန်ရှိနေတော့တာကြောင့် အသင်းနဲ့ သက်တမ်းတိုးမတိုး ဆိုတာကို ဆုံးဖြတ်ရတော့မယ့် အချိန်ကို ရောက်ရှိနေရပါတယ်။
Photo Credit : The Real Champs
လတ်တလောမှာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ UEFA Nations League အုပ်စုပွဲစဉ်တွေကို လိုက်ပါကစားနေတဲ့ အဆန်စီယိုဟာ နိုင်ငံတကာပွဲစဉ်တာဝန်တွေ ဆောင်ရွှက်လို့အပြီးမှာ သူရဲ့အနာဂတ်အတွက် ရီးယဲလ်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အသင်းနဲ့ သက်တမ်းနိုင်သလို အသင်းကနေ လမ်းခွဲရနိုင်တဲ့အပြင် အသင်းမှာလည်း သူရဲ့လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိပါ ကျန်ရှိရနိုင်တယ်လို့ အဆန်စီယိုကိုယ်တိုင် ပြောဆိုထားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုး ရှိနေတဲ့ အဆန်စီယိုကို အာဆင်နယ်အသင်းဘက်က ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး တကယ်လို့သာ အဆန်စီယိုနဲ့ ရီးယဲလ်အသင်းတို့ကြား စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်လာခဲ့မယ်ဆိုရင် အဆန်စီယိုအတွက် ပြောင်းရွှေ့ကြေးတချို့နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အဆန်စီယိုကို အရင်ကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ယခင်ကလည်း ရီးယဲလ်ကစားသမားတွေဖြစ်တဲ့ စီဘယ်ယို့စ် အိုဒီဂွါတို့လို ကစားသမားတွေကိုလည်း ခေါ်ယူနိုင်ခဲ့ဖူးတဲ့ အခြေအနေတွေ ရှိနေတာကြောင့် အဆန်စီယိုနဲ့ ရီးယဲလ်တို့ လက်တွဲဖြုတ်ခဲ့မယ်ဆိုရင် အဆန်စီယိုကို အရခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ လာကာဇက် အူဘာမီယန်းတို့ မရှိတော့တဲ့အတွက် တိုက်စစ်ပိုင်းကို အားဖြည့်တင်းသွားဖို့အတွက်ပါ ပြင်ဆင်နေပါတယ်။