အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ပီယာအန်းအမ်းမရစ်ခ်အူဘာမီယန်းနဲ့ ကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်နဲ့ (၂)ယောက်လုံးဟာ ဒဏ်ရာပြသာနာ အသီးသီးကို ခံစားနေရတာကြောင့် ဒီနေ့ည ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit : BT

ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ငှက်ဖျားရောဂါကို ခံစားနေရတာဖြစ်ပြီး အခုလက်ရှိမှာတော့ ဒီဝေဒနာကို သက်သာခါစပဲ ရှိနေသေးတာကြောင့် ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်ကို ပါဝင်ကစားဖို့က မလွယ်ကူတာဖြစ်တယ်လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။ အာတီတာက “အူဘာက နိုင်ငံတကာပွဲတွေကို သွားရောက်ကစားနေရင်းနဲ့ ငှက်ဖျားရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး ပြန်လည်ကောင်းမွန်ဖို့ကလည်း အချိန်ယူနေရပါသေးတယ်။ ဒါကြောင့် အူဘာအနေနဲ့ တနင်္ဂနွေနေ့ပွဲစဉ်ကို လွဲချော်ရတော့မှာပါ”

Photo Credit : Goal

“လာမယ့်ရက်ပိုင်းအတွင်း အသင်းရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေကနေ သူရဲ့အခြေအနေကို အကဲဖြတ်ပေးပါလိမ့်မယ်။ သူ့ကိုလည်း ကျွန်တော်တို့အသင်းဘက်ကနေ အပြည့်အဝကို အထောက်အပံ့ ပေးနေမှာပါ။ အိုဒီဂတ်ကတော့ ညာခြေချင်းဝတ်ဒဏ်ရာ ရရှိနေတာပါ။ မာတင်လည်း တနင်္ဂနွေနေ့ပွဲစဉ်ကို ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်တစ်ပတ်လောက်မှာတော့ မာတင်အနေနဲ့ အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လည်စတင်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကီရန်တီယာနေးကတော့ ဧပြီ(၃)ရက်နေ့က လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူရဲ့ဘယ်ဘက်ဒူးခေါင်း ဒဏ်ရာရသွားခဲ့တာပါ။ အခု ကီရန်က အသင်းရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေနဲ့ ကုသမှု ခံယူနေတာဖြစ်ပြီး သူရဲ့ဒဏ်ရာဟာလည်း (၃)ပတ်ကနေ (၄)ပတ်တာကာလအတွင်း ပြန်လည်ကောင်းမွန်သွားဖို့ မျှော်လင့်ပါတယ်။ ဒေးဗစ်လုဇ်ကတော့ သူရဲ့ညာဘက်ဒူးဒဏ်ရာကို အသေးစားခွဲစိတ်မှု ခံယူလို့အပြီးမှာ တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့သလို ပြေးလွှားမှုတွေလည်း လုပ်ဆောင်နိုင်နေပြီး အခြေအနေတွေလည်း ကောင်းမွန်လာပြီဖြစ်လို့ မကြာခင်မှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။