ပရီးမီးယားလိဂ်ရဲ့ လန်ဒန်မြို့ခံ အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ မြို့ခံပြိုင်ဘက် အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ အသက်၃၁ နှစ် ရှိနေပြီ ဖြစ်တဲ့ ဝီလီယံဟာ ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ကစားသမား ဖြစ်ပြီး လက်ရှိမှာတော့ ယာယီ စာချုပ်နဲ့အတူ အသင်းမှာ ဆက်ရှိနေတာ ဖြစ်ကာ ယခုသီတင်းပတ် ကုန်ဆုံးချိန်မှာတော့ အသင်းကနေ တရားဝင် ထွက်ခွာခွင့် ရရှိတော့မယ့် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဝီလီယံဟာ လက်ရှိ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ချယ်လ်ဆီးအသင်း အတွက် ၄၇ပွဲအထိ ကစားပေးထားကာ ၁၁ဂိုးသွင်းယူ ထားနိုင်ပြီး ၉ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ချယ်လ်ဆီးအသင်းကနေ ထွက်ခွာမယ့် ဝီလီယံကို ခေါ်ယူချင်တဲ့ အသင်းတွေ အများအပြား ရှိနေတာ ဖြစ်ပြီး အဆိုပါ အသင်းတွေထဲမှာ ဘာစီလိုနာ ၊ ဂျူဗင်တပ် စတဲ့ ထိပ်တန်း အသင်းတွေ ပါဝင်ပေမယ့် ဝီလီယံဟာ လန်ဒန်မြို့မှာသာ ဆက်လက် နေထိုင်သွားလိုတာကြောင့် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ စဉ်းစားထားတယ်လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Metro

France Football သတင်းဌာနရဲ့ အဆိုအရ တော့ အာဆင်နယ်အသင်းဟာ ဝီလီယံကို ခေါ်ယူဖို့ အနီးစပ်ဆုံး အနေအထားတစ်ခုမှာ ရောက်ရှိ နေပြီး ဝီလီယံကို ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုမှာ ဖြစ်သလို အဆိုပါ စာချုပ် သက်တမ်း ပြည့်သွားပါက အပိုတစ်နှစ် ထပ်မံ စာချုပ်ချုပ်နိုင်မယ့် အချက်ကိုလည်း ထည့်သွင်း ထားတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုဟာ လက်ရှိ ဝီလီယံ ရရှိထားတဲ့ ကမ်းလှမ်းမှုတွေထဲမှာ အကောင်းဆုံး ဖြစ်နေပြီး လုပ်ခလစာ ပေးချေမှုမှာလည်း အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းထားမှုဟာ အများဆုံး ဖြစ်နေတယ်လို့ France Football က ဆိုပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကလည်း France Football ရဲ့ အဆိုကို ထောက်ခံထားပြီး ဝီလီယံဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ သုံးသပ် ထားကြပါတယ်။