ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ အမေရိကန် မေဂျာလိဂ်ကလပ် နယူး အင်္ဂလန် ရီဗော်လူးရှင်းရဲ့ နံပါတ်တစ် ဂိုးသမား မက် တာနာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း အမေရိကန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ရှက်ဖီးလ် ယူနိုက်တက် ဂိုးသမား ရမ်စဒယ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေကာ ခေါ်ယူထားပေမယ့် အသင်းရဲ့ ရှိရင်းစွဲ ဂျာမန် ဂိုးသမား လေနိုက အသင်းပြောင်းဖို့ နီးစပ်နေတာကြောင့် လေနိုရဲ့နေရာကို တာနာနဲ့ အစားထိုးဖို့ စီစဉ်နေတာပါ။
Photo Credit: AS USA
အသက် ၂၇နှစ် အရွယ် အမေရိကန် လက်ရွေးစင် ဂိုးသမား တာနာဟာ နယူး အင်္ဂလန် ရီဗော်လူးရှင်းဆီ ၂၀၁၈ခုနှစ်ကမှ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ တဦး ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်မှာပဲ အဓိက ဂိုးသမား တဦး အဖြစ် လက်စွမ်းပြ ကစားနိုင်ခဲ့သလို ပြီးခဲ့တဲ့ မေဂျာလိဂ် ဘောလုံးရာသီမှာလည်း အကောင်းဆုံး ဂိုးသမားဆုကို ရရှိတဲ့ အထိ လက်စွမ်းပြနိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ အာဆင်နယ်က တာနာကို ခေါ်ယူဖို့ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ စတင်ချိန်ကတည်းက စတင် ကြိုးပမ်းခဲ့တာ ဖြစ်ပြီး နယူး အင်္ဂလန် ရီဗော်လူးရှင်းအသင်းရဲ့ တာဝန်ရှိသူ တဦး ဖြစ်သူ အရီနာကလည်း သူတို့ဟာ တာနာကို မကြာခင်မှာ ဆုံးရှုံးရဖွယ် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
Photo Credit: AS USA
အရီနာက – “အခု သတင်းတွေ ထွက်ပေါ်နေတဲ့ အတိုင်းပဲ ကျွန်တော်တို့အသင်းက တာနာကို ဆုံးရှုံးရနိုင်ချေ ရှိပါတယ်။ တကယ်လို့ ဆွေးနွေးမှုတွေသာ အောင်မြင်ခဲ့ရင် ကျွန်တော်တို့က တာနာကို လာမယ့် ဥရောပ နွေဈေးကွက် ဖွင့်တဲ့ အချိန်မှာ လက်လွှတ်ရနိုင်ပါတယ်။ ဒီအပြောင်းအရွှေ့ကို အဆုံးသတ်ဖို့ ကျွန်တော်တို့တွေ အာဆင်နယ်နဲ့ ဆွေးနွေးနေပါတယ်။ ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ အတွက် အတော်လေးကို အခွင့်အလမ်း များပြားနေတာကိုလည်း ဝန်ခံရမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။
အာဆင်နယ်ဟာ တာနာအတွက် နယူး အင်္ဂလန် ရီဗော်လူးရှင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင် ပေးချေရနိုင်ပြီး တာနာကိုတော့ အနိမ့်ဆုံး ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖွယ် ရှိပါတယ်။