ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပေါ်တူဂီ နာမည်ကြီးကလပ် ဘင်ဖီကာအသင်းနဲ့အတူ စတင် တောက်ပလာတဲ့ လူငယ် ဘယ်နောက်ခံလူ တာဗာရက်ကို ခေါ်ယူနိုင်ဖို့ အတော်လေးကို နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ဘော့စနီးယား ဘယ်နောက်ခံလူ ကိုလာစီနက်ကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့ပြီးနောက် အသင်းရဲ့ စကော့တလန် လက်ရွေးစင် ဘယ်နောက်ခံလူ တီယာနေးနဲ့ ယှဉ်ပြိုင်နိုင်မယ့် လူငယ် ဘယ်နောက်ခံလူ တဦးကို ရှာဖွေနေတာ ဖြစ်ပြီး ဘင်ဖီကာအသင်းနဲ့ အတူ စတင် တောက်ပလာတဲ့ တာဗာရက်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Photo Credit: Express

အသက် ၂၁နှစ် အရွယ် ပေါ်တူဂီ လူငယ် ဘယ်နောက်ခံလူ တာဗာရက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဘင်ဖီကာအသင်း အတွက် ပွဲထွက် ကစားခွင့် ရရှိလာသူ တဦး ဖြစ်ကာ ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး တဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်ထားနိုင်သူပါ။

ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာနဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးတို့ဟာ တာဗာရက်ကို ခေါ်ယူဖို့ မျက်စိကျခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ကင်းထောက်တွေနဲ့ တာဗာရက်ရဲ့ ခြေစွမ်းကို အကဲခတ်ပြီးနောက် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ တာဗာရက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်သလို လက်ရှိမှာလည်း ဘင်ဖီကာအသင်းနဲ့ အတူ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အဆိုပါ သတင်းတွေကို အတည်ပြု ပေးခဲ့ပြီး အာဆင်နယ်အသင်းဟာ တာဗာရက်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈သန်း ဝန်းကျင် ပေးချေရမှာ ဖြစ်ကာ အပိုပြောင်းရွှေ့ကြေးတွေနဲ့ ပေါင်းလိုက်ပါက ပြောင်းရွှေ့ကြေး စုစုပေါင်းဟာ ပေါင် ၁၅သန်း ဝန်းကျင်အထိ ရောက်ရှိသွားနိုင်ကြောင်း ဆိုထားပါတယ်။