ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ တားမြစ်ဆေး သုံးစွဲခဲ့တာကြောင့် FIFAရဲ့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ နယ်သာလန် ထိပ်သီးကလပ် အေဂျက်အသင်းရဲ့ ဂိုးသမား ဖြစ်သူ အိုနာနာကို ခေါ်ယူဖို့ အရမ်းကို နီးစပ်နေပြီ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၅နှစ် အရွယ် ကင်မရွန်းနိုင်ငံသား အိုနာနာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တားမြစ်ဆေး တခုကို မသိပဲ သုံးစွဲမိခဲ့တာကြောင့် ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAရဲ့ ဘောလုံးလောကနဲ့ ၁နှစ်တိတိ ကင်းဝေးအောင် နေထိုင်ရမယ် ဆိုတဲ့ ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရပြီး အဆိုပါ ပြစ်ဒဏ်ကြောင့် အိုနာနာဟာ အေဂျက်အသင်းရဲ့ ပွဲစဉ်တွေကို ဝင်ရောက် ကစားနိုင်ခြင်း မရှိခဲ့သလို အသင်းဖော်တွေနဲ့လည်း လေ့ကျင့်ခွင့် မရခဲ့ပါဘူး။

Photo Credit: Goal

လက်ရှိမှာတော့ အိုနာနာဟာ သူ့ရဲ့ အပြစ်ဒဏ်ကို နိုင်ငံတကာ အားကစားဆိုင်ရာ ခုံရုံး (CAS) ဆီ အယူခံဝင်ပြီး သူဟာ တားမြစ်ဆေးကို ရည်ရွယ်ချက်ရှိရှိ သုံးစွဲခဲ့တာ မဟုတ်ပဲ သူ့ဇနီး သောက်သုံးနေတဲ့ ဆေးတမျိုးကို သောက်မိခဲ့ရာမှ ဆေးကျခဲ့တာ ဖြစ်ကြောင်း ရှင်းပြခဲ့ကာ CASဟာ သူ့ရဲ့ ရှင်းပြမှုကို လက်ခံခဲ့တာကြောင့် သူ့ရဲ့ ပွဲပယ်ပြစ်ဒဏ်ဟာ ၁နှစ် ကနေ ၉လ အထိ လျော့ကျသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အိုနာနာဟာ စက်တင်ဘာလမှာ အသင်းဖော်တွေနဲ့ ပြန်လည် လေ့ကျင့်ခွင့် ရရှိမှာ ဖြစ်ကာ နိုဝင်ဘာလမှာတော့ ဘောလုံးပွဲတွေကို တရားဝင် ပြန်လည် ကစားခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်း ကတော့ သူတို့အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဂျာမန် ဂိုးသမား လေနိုရဲ့ နေရာအတွက် ရေရှည် အစားထိုးမှု အဖြစ် အိုနာနာကို သတ်မှတ်ထားကြောင်း အာဆင်နယ်အသင်းရဲ့ နီးစပ်သူတွေက ပြောကြားထားပါတယ်။

Photo Credit: Goal

အိုနာနာဟာ တားမြစ်ဆေး သုံးစွဲမှုကြောင့် ပွဲပယ်မခံရခင် အထိ ဥရောပရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တဦးအဖြစ် သတ်မှတ်ခံခဲ့ ရတာကြောင့် သူ့ရဲ့ တန်ကြေးဟာ ယူရို ၄၅သန်း ဝန်းကျင်အထိ ရှိခဲ့ဖူးပြီး လက်ရှိမှာတော့ အေဂျက်အသင်းဟာ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ သူတို့အသင်းရဲ့ ဂိုးသမား အိုနာနာကို ပြောင်းရွှေ့ကြေး ပေါင် ၇သန်းလောက် ရရုံနဲ့ ရောင်းထုတ်ဖို့ စီစဉ်ထားပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ CASမှာ အယူခံ အောင်မြင်ပြီးနောက် အာဆင်နယ်အသင်းဟာ အိုနာနာကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် ကြိုးစားလာသလို အိုနာနာအတွက် အေဂျက်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇သန်းကို ပေးချေဖို့ လိုလားနေသလို အိုနာနာကလည်း အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။