ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့အသင်းထံ ရာသီဝက်အငှားနဲ့ လာရောက် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လူငယ် ကွင်းလယ်လူ အိုဒီဂတ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ လက်ကျန် နွေဈေးကွက် အတွင်းမှာ ကွင်းလယ်တိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး လက်စတာအသင်းရဲ့ ကွင်းလယ်လူ မက်ဒီဆင်နဲ့ အိုဒီဂတ်တို့ နှစ်ဦးထဲက တဦးကို ခေါ်ယူဖို့ ကြိုးစားခဲ့ရာ အိုဒီဂတ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ အာဆင်နယ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ အိုဒီဂတ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ သဘောတူညီမှု ရဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန အများစုက အတည်ပြုခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ လက်ရွေးစင် ကွင်းလယ်လူ အိုဒီဂတ်ဟာ အသက် ၁၆နှစ် အရွယ်ထဲက ရီးရဲလ်မက်ဒရစ်အသင်းထံ ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် အသင်းမှာ ယခုအချိန်အထိ ပုံမှန် ပွဲထွက်ခွင့် မရရှိသေးတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့သူပါ။

Photo Credit: Football London

အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၂၀ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အိုဒီဂတ်ရဲ့ အပြောင်းအရွှေ့ကို ယခု ရက်ပိုင်း အတွင်း အပြီးသတ်နိုင်ဖို့ ရှိနေပြီး အိုဒီဂတ်ဟာ ယမန်နေ့မှာ တဦးထဲသာ လေ့ကျင့်ရေး ဆင်းခဲ့ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝန်ထမ်း တချို့က ထုတ်ဖာ် ပြောကြားထားပါတယ်။