ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူတို့ရဲ့ ထိပ်သီးပစ်မှတ် ဖြစ်သူ ရှက်တာဒိုးနက် ကြယ်ပွင့် မာဒရစ်ခ်ကို ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်နေပြီး အာဆင်နယ်နဲ့ ရှက်တာဒိုးနက်တို့ ကြားထဲမှာ မာဒရစ်ခ် အတွက် ပြောင်းရွှေ့ကြေး ပေးချေမယ့် နည်းလမ်းတွေကို ဆွေးနွေးရန်သာ လိုအပ်တော့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက မာဒရစ်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး မာဒရစ်ခ်ကလည်း သူ့ရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော် ဇင်ချန်ကို ရှိနေတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကာ အာဆင်နယ်ဆီ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ သဘောထားကို ပရိသတ်တွေဆီ အတိအလင်း ချပြထားပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ အာဆင်နယ်က မာဒရစ်ခ်ကို ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပြီး အာဆင်နယ်က အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး ဖြစ်သူ ဂျာအို ဖီးလစ်ကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့တာတောင် အဆိုပါ အခွင့်အရေးကို ပယ်ချကာ မာဒရစ်ခ်ကို ခေါ်ယူဖို့သာ အာရုံစိုက်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Foot Mercato သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က  မာဒရစ်ခ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ဝယ်ယူဖို့ အကြမ်းဖျင်းအားဖြင့် သဘောတူညီမှု ရခဲ့ပြီး အာဆင်နယ်က မာဒရစ်ခ် အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း  + အပိုဆုကြေး ယူရို ၃၀သန်း ပေးချေချင်နေပေမယ့် ရှက်တာဒိုးနက်က ကနဦး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း အထိ လိုချင်နေတာကြောင့် နှစ်သင်းကြားမှာ နောက်ဆုံးအဆင့် အဖြစ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ ဂျာကော့ဘ်တို့ကလည်း အာဆင်နယ်ဟာ မာဒရစ်ခ်ကို ခေါ်ယူနိုင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားကြပြီး မာဒရစ်ခ်က အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားကြောင်းလည်း ဆိုကြပါတယ်။

လက်ရှိမှာ အာဆင်နယ်နဲ့ ရှက်တာဒိုးနက်တို့ကြား ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး နှစ်သင်းကြားမှာ မာဒရစ်ခ် အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း + အပိုဆုကြေး ယူရို ၂၅သန်း ဆိုတဲ့ သဘောတူညီချက်မျိုး ထွက်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။