ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ ဘရာဇီးလ်ကလပ် ဆော်အိုပေါ်လိုရဲ့ တောင်ပံတိုက်စစ် ကစားသမား မာကွင်ဟို့စ်ကို ခေါ်ယူဖို့ တရားဝင်‌ ‌ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား မာကွင်ဟို့စ်ဟာ ဆော်အိုပေါ်လိုရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆော်အိုပေါ်လို အတွက် ပြိုင်ပွဲစုံ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Metro

ညာတောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ မာကွင်ဟို့စ်က တဦးချင်း လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်မားတဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ အဆုံးသတ်ပိုင်း တိကျမှုကြောင့်ပဲ ဥရောပ အခြေစိုက် နာမည်ကြီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

လက်ရှိမှာတော့ ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟောင်း အီဒူး တယောက် အားကစားဒါရိုက်တာ အဖြစ် လုပ်ကိုင်နေတဲ့ အာဆင်နယ်က မာကွင်ဟို့စ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းနေပြီး အာဆင်နယ်က မာကွင်ဟို့စ်ကို ပြောင်းရွှေ့ကြေး ပေါင်၃သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ဘရာဇီးလ် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အာဆင်နယ်က မာကွင်ဟို့စ်ကို ခေါ်ယူဖို့ နီးစပ်နေကြောင်းကို အတည်ပြုပေးထားပြီး အာဆင်နယ်နဲ့ ဆော်အိုပေါ်လိုတို့ ကြားမှာ မာကွင်ဟို့စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ အသေးစိတ် ဆွေးနွေးမှု တချို့သာ လုပ်ကိုင်ရန် လိုအပ်တော့ကြောင်း ဖော်ပြခဲ့ပါတယ်။