MySport Myanmar

ဘိုင်ယန်ကို အနိုင်ယူပြီး ကိုင် ဟားဗက်ဇ်ကို ခေါ်ယူနိုင်တော့မယ့် အာဆင်နယ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ကာ ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး ကိုင် ဟားဗက်ဇ်ကို ခေါ်ယူနိုင်တော့မယ်လို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပြီး အာဆင်နယ်က ဟားဗက်ဇ်နဲ့ရော ၊ ချယ်လ်ဆီးနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ ဘိုင်ယန်မြူးနစ်က ဟားဗက်ဇ်နဲ့သာ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပါတယ်။

Photo Credit: Goal

အသက် ၂၄နှစ် အရွယ် ဂျာမဏီလက်ရွေးစင် တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်က အထောင်တိုက်စစ်မှူး နေရာအပြင် နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ၂၀၂၀ခုနှစ်ကမှ လေဗာကူဆင် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူပါ။

ကိုင် ဟားဗက်ဇ်က ချယ်လ်ဆီးနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် ပိုင်ရှင်သစ် တော့ပ် ဘိုလေရဲ့ လက်ထက်မှာ အစစ အရာရာ ကျဆင်းနေတဲ့ ချယ်လ်ဆီးကို စွန့်ခွာကာ ယခု နွေဈေးကွက် အတွင်းမှာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports Germanyရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ဟာ ဟားဗက်ဇ်အတွက် စုံစမ်းမှုတွေ လုပ်ခဲ့ပေမယ့် ဟားဗက်ဇ်ကတော့ ဘိုင်ယန်မြူးနစ် အစား အာဆင်နယ်ဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်က ဟားဗက်ဇ်ကို တပတ် လုပ်ခလစာ ပေါင် ၂သိန်းကျော်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားကာ ဟားဗက်ဇ်ဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ စိတ်ကူးတွေကို သဘောကျနေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ကလည်း အာဆင်နယ်ဟာ ဟားဗက်ဇ်ကို ခေါ်ယူနိုင်တော့မယ့် အကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး အာဆင်နယ်က ဟားဗက်ဇ်အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု အဖြစ် ပေါင် ၆၀သန်းကျော် ကမ်းလှမ်းမှု တရပ် ပေးပို့ဖို့ စီစဉ်နေကာ ချယ်လ်ဆီးကလည်း အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ရာခိုင်နှုန်း များနေကြောင်း ဆိုပါတယ်။

Exit mobile version