MySport Myanmar

ဒီကလန်ရိုက်စ်ကို ပေါင် ၁၀၀သန်းကျော်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ်ရဲ့ ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အာဆင်နယ်က ရာသီသစ်အတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် ပူပူနွေးနွေး ယူရိုပါ ကွန်းဖရန့်လိဂ် ချန်ပီယံ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ်က သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ချာကာကို ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင်ဆီ ရောင်းထုတ်ဖို့ သဘောတူထားတာကြောင့် ချာကာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အရည်အသွေးမြင့် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Football London

အာဆင်နယ်က ချာကာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဒီကလန်ရိုက်စ်ကလည်း အင်္ဂလန် အသင်းဖော်တွေ ရှိနေသလို လန်ဒန်အခြေစိုက်ကလပ် ဖြစ်တဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

လက်ရှိမှာ အာဆင်နယ်နဲ့ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်တို့က ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြပြီး ဝက်စ်ဟမ်းကတော့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ် အတွက် ပေါင် ၁၂၀သန်း ဝန်းကျင် အထိ လိုချင်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဂျာကော့ဘ် စတိန်းဘက်ချ်ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဒီကလန်ရိုက်စ် အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ပြီး အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုက ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း + အပိုဆုကြေး ဖြစ်ကာ ဝက်စ်ဟမ်းကလည်း အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကလည်း ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားကြပြီး အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ဇူလိုင်လ အစပိုင်းမှာပဲ အပြီးသတ် ခေါ်ယူနိုင်အောင် အရှိန်အဟုန်မြှင့် ကြိုးစားနေတယ်လို့ ဆိုကြပါတယ်။

Exit mobile version