ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်သူ မာတင် အိုဒီဂတ်ဟာ ပရီးမီးယားလိဂ် အသင်းဖြစ်တဲ့ အာဆင်နယ် အသင်းကို ရာသီကုန်သည်အထိ အငှားနဲ့ လာရောက် ကစားဖို့ အတွက် အနီးစပ်ဆုံး အနေအထားမှာ ရှိနေပြီ ဖြစ်တယ်လို့ စပိန်မှာ ရှိတဲ့ သတင်းဌာန တွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။ အိုဒီဂတ်အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ် ဆိုစီဒက်အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး အောင်မြင်မှုတွေ အများကြီး ရှာဖွေနိုင်ခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကို ပြန်ရောက်ချိန်မှာတော့ ဒီရာသီမှာ ပွဲထွက်ကစားခွင့် ၅ ကြိမ်သာ ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit: Express

အိုဒီဂတ် အနေနဲ့ အီမနော အယ်လ်ဂူဆေး လက်အောက်မှာ အတော်လေး တိုးတက်လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဆိုစီဒက်မှာပဲ ဆက်နေမယ်လို့ထင်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ရာသီ ကုန်ဆုံးချိန်မှာ အငှားစာချုပ်ကို ဖျက်သိမ်းပြီး ရီးရဲလ် အသင်းဆီ ပြန်ခေါ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နော်ဝေလက်ရွေးစင် ကစားသမားအနေနဲ့ အသင်းဆီ ပြန်ရောက်ချိန်တည်းက အနည်းငယ်သာ ပွဲထွက်ခွင့် ရထားတာ ဖြစ်ပေမယ့်လည်း နည်းပြ ဇီဒန်းရဲ့ ကွင်းလယ်ပိုင်းမှာ အရေးပါနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်း ကစားသမား အနေနဲ့ ပွဲထွက်ခွင့်မရတဲ့ ပြဿနာ အပေါ်မှာ စိတ်ပျက်လျက်ရှိပြီးတော့ အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ် အတွင်းထွက်ပေါ်ထားတဲ့ သတင်းတွေမှာလည်း အိုဒီဂတ် အနေနဲ့ ပွဲထွက်ခွင့်ရဖို့ အတွက် နောက်ထပ် တစ်ကြိမ် အငှားချပေးဖို့ လိုချင်နေတယ်လို့ ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Express

ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယခင်က ဆိုစီဒက်အသင်းဟာ အိုဒီဂတ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိခဲ့ပေမယ့် အာဆင်နယ် အသင်းက အိုဒီဂတ်ကို အငှားခေါ်ယူဖို့ ကြိုးပမ်းလာချိန်မှာ သူတို့ရဲ့ ကြိုးပမ်းမှုဟာ အရာမထင် ဖြစ်ခဲ့ရကြောင်း သိရပါတယ်။အကြောင်းအရင်း ‌ကတော့ ဆိုစီဒက် အနေနဲ့ အငှားစာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့် ကို ထည့်သွင်းချင်နေတာ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်က အိုဒီဂတ်ကို အပြီးသတ် မရောင်းချချင်တာကြောင့် ဖြစ်ပါတယ်။ Daily Mail သတင်းဌာနကလည်း အာဆင်နယ် အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဖြစ်သူ အီဒူးအနေနဲ့ အိုဒီဂတ် ကို ခေါ်ယူဖို့ ညှိနှိုင်းဆွေးမှုတွေ ပြီးခဲ့တဲ့အပတ်ထဲက လုပ်နေခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အာဆင်နယ် အသင်းမှာ ရီးရဲလ်မက်ဒရစ် အသင်းကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ ဒန်နီ စီဘယ်လော့ ကလည်း “ မက်ဒရစ်မှာ ကျွန်တော် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ခင်ဗျားကို ပြောပြနိုင်တယ်။ မာတင်နဲ့ ပတ်သက်ပြီး ဘာဖြစ်လဲဆိုတာတော့ ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် မက်ဒရစ်မှာ အောင်မြင်ချင်တဲ့ ဘယ် ကစားသမား မဆို သူ့မှာ ရှိတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရမယ် ဆိုတာ အသေအချာပါပဲ။ မာ‌တင် ဘာတွေးနေလဲ ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် ကျွန်တော် သိတာတော့ ခင်ဗျားက အသက်အရွယ်ရလည်း ငယ်သေးတယ်၊ သွင်းဂိုးတွေလည်း သွင်းနိုင်တယ်ဆိုရင် ခင်ဗျား လိုအပ်တာက ပုံမှန် ပွဲထွက်ခွင့်ရဖို့ပါပဲ၊ ပြီးတော့ အကယ်၍ ခင်ဗျားက ပွဲထွက်ခွင့်မရဘူး ဆိုရင်၊ အဲ့ဒါက တစ်ခုခု လိုနေသလိုပါပဲ။ မာတင် ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်တော် တွေးကြည့်လို့ရပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။