ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြနေတဲ့ စကော့တလန် နောက်ခံလူ တီယာနေးကို လုပ်ခလစာ တိုးမြှင့်ပေးကာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၄နှစ် အရွယ် စကော့တလန် လက်ရွေးစင် နောက်ခံလူ တီယာနေးဟာ ၂၀၁၉ခုနှစ်ကမှ အာဆင်နယ်အသင်းထံ စကော့တလန် ကလပ် ဆဲလ်တစ်အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၂၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးပေမယ့် အာဆင်နယ် အသင်းဟာ သူ့ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းပိုင်းကို သဘောကျတာကြောင့် တီယာနေးကို လုပ်ခလစာ တိုးမြှင့်ပေးပြီး ကာလရှည်စာချုပ် ချုပ်ဆိုဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

တီယာနေးဟာ ယခု ယှဉ်ပြိုင် ကစားနေတဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ စကော့တလန်အသင်း အတွက် ခြေစွမ်းပြ ကစားနေသလို ယခုနှစ် ဘောလုံးရာသီမှာလည်း အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ဥရောပ အသင်းကြီး တချို့ဟာ သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်လာကြပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ တီယာနေးကို အသင်းမှာ ကာလရှည် ဆက်လက် ထိန်းထားနိုင်အောင် စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပြီး တီယာနေးကလည်း အာဆင်နယ်အသင်းမှာပဲ ဆက်လက် ကစားလိုတာကြောင့် အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ခပ်မြန်မြန်ပဲ လက်ခံခဲ့ကြောင်း အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေက ပြောပြလာပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ တီယာနေးကို တပတ်လုပ်ခလစာ ပေါင် ၁သိန်း ၁သောင်းနဲ့ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းခဲ့ပြီး တီယာနေးဟာ အဆိုပါ ကမ်းလှမ်းမှုကို လက်ခံခဲ့သလို စကော့တလန်အသင်းနဲ့ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ပြီးပါက အာဆင်နယ်အသင်းနဲ့ တရားဝင် စာချုပ်သစ် ချုပ်ဆိုမယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ တီယာနေးဟာ အာဆင်နယ်အသင်းမှာ ၂၀၂၆ ခုနှစ် အထိ ဆက်ရှိသွားမှာ ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေ အတွက် သတင်းကောင်းတခု လို့ ဆိုရမှာပါ။ ဆက်စပ်သတင်းတခု အနေနဲ့ အာဆင်နယ်အသင်းဟာ လက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။