ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ ကွင်းလယ်လူဟောင်း တဦး ဖြစ်သူ ဝီလ်ရှိုင်းယားကို အသင်းရဲ့ လူငယ်အသင်းတွေ ဖြစ်တဲ့ ယူ-၁၈နဲ့ ယူ-၂၃ နှစ်သင်းထဲက တသင်းအား ကိုင်တွယ်ခိုင်းဖို့ စီစဉ်နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ဗဟိုကွင်းလယ်လူ ဝီလ်ရှိုင်းယားဟာ တချိန်က အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့် တဦး အဖြစ် အာဆင်နယ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်နေပါတယ်။

Photo Credit: Standard

ဝီလ်ရှိုင်းယားက ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်လာနိုင်တဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့် အရွယ်နဲ့ မလိုက်အောင်ပဲ ဒဏ်ရာပြဿနာများစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် သူ့ကို အချိန်အကြာကြီး စိတ်ရှည်ပေးခဲ့တဲ့ အာဆင်နယ်ကနေ ထွက်ခွာခဲ့ရသလို နောက်ဆုံး ကစားခဲ့တဲ့ အားဟက်စ်မှာလည်း ခြေစွမ်းကောင်းတွေ မပြသနိုင်တာကြောင့် အသင်းရဲ့ စွန့်ပယ်ခြင်းကို ခံခဲ့ရပါတယ်။

ဒါကြောင့်ပဲ ဝီလ်ရှိုင်းယားက နောက်ထပ်တကြိမ် ဘောလုံးသမား တဦး အဖြစ် မြက်ခင်းစိမ်းထဲကို ခြေချဖို့ ကြောက်ရွံ့နေပြီး အာဆင်နယ်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်ဟောင်း ဝီလ်ရှိုင်းယားအပေါ် သံယောဇဉ် မပြယ်သေးပဲ ဝီလ်ရှိုင်းယားကို လူငယ်အသင်းနည်းပြ အဖြစ် ခန့်အပ်ဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ အကြီးအကဲ တဦး ဖြစ်သူ မာတီဆက်ကာက ဝီလ်ရှိုင်းယားနဲ့ တွေ့ဆုံကာ လူငယ်အသင်းနည်းပြ အဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်းထားပြီး ဝီလ်ရှိုင်းယားကလည်း ဘောလုံးသမားဘဝ ကနေ အနားယူရင် နည်းပြအဖြစ် လုပ်ကိုင်ချင်ကြောင်း ဖွင့်ဟ ဝန်ခံထားသူ ဖြစ်တာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေတယ်လို့ သိရပါတယ်။