အာဆင်နယ်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ဘရိုက်တန်အသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ဘင်ဝှိုက်ကို အဓိကပစ်မှတ်ထားပြီး တရားဝင်ကမ်းလှမ်းမှုတွေ (၂)ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပေမယ့်လည်း ဘရိုက်တန်ဘက်ကနေ ဒီကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ ဘင်ဝှိုက်ကို ခေါ်ယူနိုင်ရေးက ခဲယဉ်းနေရပေမယ့်လည်း ကစားသမားကိုယ်တိုင်က အာဆင်နယ်မှာ သွားရောက်ကစားချင်နေသလို အာဆင်နယ်ဘက်ကနေလည်း ဒီကစားသမားအတွက် တတိယအကြိမ် ကမ်းလှမ်းမှု ထပ်မံလုပ်ဆောင်ဖွယ်လည်း ရှိနေတာကြောင့် အပြောင်းအရွေ့က မကြာခင်မှာပဲ အထမြောက်လာဖွယ် ရှိနေရပါတယ်။

Photo Credit : Football London

အာဆင်နယ်အသင်းဟာ ဒီနွေစျေးကွက်ထဲမှာ အသင်းရဲ့ ဝါရင့်ဗဟိုနောက်ခံကစားသမားတွေဖြစ်တဲ့ ဒေးဗစ်လူးဝစ်ဇ်နဲ့ မူစတာဖီတို့ကို လက်လွတ်ထားခဲ့ရသလို လူငယ်နောက်ခံလူ ဝီလီယံဆလီဘာကိုလည်း ရောင်းထုတ်ဖွယ် ရှိနေတာကြောင့် ဗဟိုခံစစ်ပိုင်းနေရာကို ပြန်လည်အားဖြည့်သွားဖို့အတွက် ဘင်ဝှိုက်ကို အလိုရှိနေတာဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွှယ်သာ ရှိနေသေးတဲ့ နောက်ခံလူ ဘင်ဝှိုက်ကတော့ ဘရိုက်တန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အသင်းအတွက် အကောင်းဆုံး ကစားထားနိုင်ခဲ့လို့ သူ့ကို အင်္ဂလန်လက်ရွေးစင်အသင်းကနေပါ ယူရိုပြိုင်ပွဲအတွက် ရွေးချယ်ထားခဲ့ပါသေးတယ်။

Photo Credit : The Sports Bank

အာဆင်နယ်အသင်းဟာ ဒီကစားသမားလေးကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ပေါင်သန်း(၄၀)ဝန်းကျင် တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုတွေနဲ့ (၂)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ကမ်းလှမ်းမှုကို ကစားသမားဘက်ကနေသာ လက်ခံခဲ့ကာ ဘရိုက်တန်အသင်းဘက်ကတော့ ပယ်ချထားခဲ့ပါတယ်။ ဘရိုက်တန်အသင်းက သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွေ့ကြေးအဖြစ် ပေါင်သန်း(၅၀)ခန့် အလိုရှိနေသလို အပိုဆုကြေးကိုလည်း အနည်းဆုံး ပေါင်(၅)သန်းလောက်နဲ့ တစ်ပေါင်းတည်း ကမ်းလှမ်းလာမှသာ လက်ခံသွားဖွယ် ရှိနေပါတယ်။ ဒီလိုအခြေအနေ ရှိနေရတဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ တတိယကြိမ်မြောက် ကမ်းလှမ်းမှုမှာတော့ ဘရိုက်တန်ဘက်ကနေ အလိုရှိနေတဲ့ တန်ကြေးအတိုင်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ဘရိုက်တန်ဘက်ကနေလည်း လက်ခံသွားဖွယ် ရှိနေရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဘင်ဝှိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေတဲ့အပြင် ဘင်ဖီကာအသင်းရဲ့ ဘယ်နောက်ခံကစားသမား တာဗာရက်စ်နဲ့ အန်ဒါလက်ချ်အသင်းရဲ့ ဘယ်ဂျီယံ ကွင်းလယ်ကစားသမား လိုကွန်ဂါတို့ကို အသင်းဆီ အရခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။