လန်ဒန်အခြေစိုက် ဘောလုံးအသင်းတွေက ကစားသမားတွေနဲ့ နည်းပြတွေကို ရွေးချယ်ပြီး ဆုချီးမြှင့်တဲ့ အစီအစဉ်မှာ လန်ဒန်က ဘောလုံးအသင်း တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေနဲ့ နည်းပြတို့ကပဲ ဆုတွေအားလုံးနီးပါးကို သိမ်းပိုက် ရယူသွားနိုင်ခဲ့ပါတယ်။
Photo Credit : Sky Sports
London Football Awards ဆုပေးပွဲရဲ့ အဓိက ဆုတစ်ခုဖြစ်သော တစ်နှစ်တာအတွင်း အကောင်းဆုံး ကစားသမားဆုကို အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ မာတင်အိုဒီဂတ်က ဆွတ်ခူးသွားခဲ့ရပါတယ်။ နော်ဝေလက်ရွေးစင် ကွင်းလယ်ကစားသမားဟာ စပါးက ဟာရီကိန်း ဘရန့်ဖို့ဒ်က အိုင်ဗန်တိုနေး ဖူလ်ဟမ်က မီထရိုဗစ်တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ဆွတ်ခူးခဲ့တာ ဖြစ်သလို ဒီရာသီမှာလည်း အာဆင်နယ်အတွက် လိဂ်ဂိုး (၁၀)ဂိုး သွင်းယူပေးထားကာ (၇)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
Photo Credit : Daily Mail
အိုဒီဂတ်နဲ့အတူ တစ်နှစ်တာရဲ့ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းထဲမှာ ပါဝင်လာခဲ့တဲ့ အိုဒီဂတ် အသင်းဖော် ဆာကာကတော့ ဒီဆုနဲ့ လွဲချော်ခဲ့ရပေမယ့် တစ်နှစ်တာရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းမှာ အကောင်းဆုံး လက်စွမ်းတွေ ပြသနေသူ ဂိုးသမား အာရွန်ရမ်းစ်ဒေးလ်ကလည်း တစ်နှစ်တာရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ရယူနိုင်ခဲ့ပါသေးတယ်။
Photo Credit : Daily Mail
အာဆင်နယ်အသင်းနဲ့ နှစ်ပေါင်း (၁၉)နှစ်လောက်အထိ နှစ်အတန်ကြာအောင် အလှမ်းဝေးနေရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အနီးစပ်ဆုံး အနေအထားထိ ရောက်ရှိလာဖို့ အဓိက နေရာကနေ စွမ်းဆောင်ပေးထားနိုင်သူ နည်းပြအာတေတာဟာလည်း တစ်နှစ်တာရဲ့ အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဖူလ်ဟမ်ကို အနိုင်ယူပြီးနောက် ဂန်းနားနည်းပြဘဝ နိုင်ပွဲပေါင်း (၁၀၀)ပြည့်မြောက်ခဲ့ရတဲ့ အာတေတာဟာ မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်လို့အပြီးမှာပဲ အခုလို ဆုတစ်ခုကိုပါ ထပ်မံ ပိုင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် အမှတ်ပေးချန်ပီယံတွေထဲမှ အသက်အငယ်ဆုံးသော နည်းပြအဖြစ်နဲ့ပါ စံချိန်တင်ဖွယ် ရှိနေပါတယ်။