မနက်ဖြန် စနေနေ့ သြဂုတ်လ(၁)ရက်နေ့မှာတော့ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့လန်ဒန်ဒါဘီ အက်အေဖလားဖိုင်နယ်ပွဲစဉ်ကို ဝင်ဘာလေကွင်းအတွင်းမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဗိုလ်လုပွဲလည်းဖြစ် လန်ဒန်ဒါဘီလည်းဖြစ်လို့ အတော်လေးကို အကြိတ်အနယ်ရှိမှာ သေချာနေပြီး ဘယ်အသင်းအသာရနိုင်မလယ်ဆိုတာကလည်း ပြောရခက်တဲ့ အနေအထားမှာရှိနေသလို ဒီဖိုင်နယ်ပွဲရဲ့ရလဒ်ကလည်း အသင်း(၂)သင်းရဲ့ ယူရိုပါလိဂ်ဝင်ခွင့်လမ်းကြောင်းအဖြေကိုပါ သိရမှာဖြစ်တဲ့အတွက် အရမ်းကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Photo Credit : The Busy Bee

ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ အဆင့်(၅)နေရာကို ပိုင်ဆိုင်ခဲ့တဲ့ လက်စတာအသင်းနဲ့ အဆင့်(၆)နေရာက စပါးအသင်းတို့က ယူရိုပါလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ခဲ့ရတယ်ဆိုပေမယ့် အမှတ်ပေးဇယား အဆင့်(၈)နေရာက အာဆင်နယ်အသင်းက အက်အေဖလားဖိုင်နယ်ထိ တတ်ရောက်ထားခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့် လက်ကျန်တစ်နေရာအတွက်က အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ တကယ်လို့များ အက်အေဖိုင်နယ်မှာ အာဆင်နယ်က ချယ်လ်ဆီးကို အရေးနိမ့်လိုက်မယ်ဆိုရင် အဆင့်(၇)နေရာမှာ ရပ်တည်နေတဲ့ ဝုလ်ဗ်အသင်းက ယူရိုပါလိဂ်ကို ခြေစစ်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင့်ခွင့်ရမှာဖြစ်ပါတယ်။

Photo Credit : ESPN

ဒါ့အပြင် အဆင့်(၆)နေရာက စပါးအသင်းဟာလည်း လက်စတာနဲ့အတူ ယူရိုပါလိဂ်ကို အုပ်စုအဆင့်ကနေ တန်းပြီးကစားခွင့်ကို ရရှိဦးမှာဖြစ်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ပဲ အာဆင်နယ်က အက်အေမှာ ဗိုလ်စွဲလိုက်မယ်ဆိုရင်တော့ လက်စတာ စပါးတို့နဲ့အတူ အာဆင်နယ်လည်း ယူရိုပါလိဂ်ဝင်ခွင့်ရမှာဖြစ်ပြီး အဆင့်(၇)နေရာက ဝုလ်ဗ်ကတော့ ယူရိုပါလိဂ်နဲ့ မသက်ဆိုင်တော့တဲ့အသင်း ဖြစ်သွားမှာပါ။ အဲ့ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် စပါးအတွက်ပါ ဒုက္ခရောက်လာနိုင်ပါတယ်။ အာဆင်နယ်သာ အက်အေမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် စပါးအသင်းက ယူရိုပါလိဂ်ကို အုပ်စုအဆင့်ကနေ တန်းကစားခွင့်မရှိတော့ပဲနဲ့ ဒုတိယအဆင့်ခြေစစ်ပွဲကနေ စတင်ဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်ပြီးရင် တတိယအဆင့် တတိယအဆင့်ပြီးမှ Play-off ဆိုပြီး (၃)ဆင့်အထိ ဖြတ်သန်းပြီးမှ အုပ်စုအဆင့်ဆီကို ရောက်လာမှာဖြစ်သလို အဲ့ဒီခြေစစ်ပွဲတွေကိုလည်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ပြီး (၅)ရက်အကြာမှာပဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ စပါးအတွက် အတော်လေးကို ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အပိတ်ပွဲမှာ ချယ်လ်ဆီးကို ရှံးနိမ့်ခဲ့လို့ အဆင့်(၆)နေရာကို လက်လွတ်ခဲ့ရတဲ့ ဝုလ်ဗ်ကလည်း သူတို့ရဲ့ဥရောပမျှော်လင့်ချက်အတွက် အခုအက်အေဖိုင်နယ်မှာ ချယ်လ်ဆီးတို့ အနိုင်ရဖို့ မျှော်လင့်ဆုတောင်းနေရတော့မှာြ့ဖစ်ပါတယ်။